ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Friday, May 21, 2010

သခင်သိန်းဖေမွေးနေ့တွင် လူရွေးဖိတ်ကြား


ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ ခေါင်းဆောင် သခင်သိန်းဖေ၏ (၉၄) နှစ်မြောက်မွေးနေ့ကို မရမ်းကုန်း မြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်သည်။


မွေးနေ့ပွဲတွင် သခင်သိန်းဖေက မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ် မြောက်ရေးအတွက် နောက်ဆုံးထွက်သက်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံန္နိဋ္ဌာန်ပြုပြော ကြားသွားသည်။

မွေးနေ့ပွဲ တက်ရောက်လာသူများထဲမှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်နှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ရှေ့နေကြီး တဦး တို့က မြန်မာပြည်လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် သခင်သိန်းဖေ၏ ယနေ့ ထက်တိုင် အနစ်နာခံဆောင်ရွက်မှုနှင့် ပေးဆပ်မှုတို့ကို ဂုဏ်ပြုပြောကြားကြသည်။

ယနေ့မွေးနေ့ပွဲ၏ ထူးခြားချက်မှာ ယခင်အခမ်းအနားများတွင် တွေ့နေကျ ပုဂ္ဂိုလ်အချို့အား မတွေ့မြင်ရခြင်း ဖြစ်သည်။

အထူးသဖြင့် (၂၀၁၀) ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသည့် ဦးသုဝေ၊ ဦးရွှေအုံး၊ ဦးအုံးတင်တို့ကို လည်းကောင်း၊ အန်အယ်လ်ဒီ စီအီးစီဟောင်းများဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်း ညွန့် စသည့်သူများကို မတွေ့ရှိရပေ။

ယင်းကိစ္စနှင့်ပတ်သက်၍ ၀ါရင့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ရွေးကောက်ပွဲဝင်မယ့်သူတွေကို တမင်မဖိတ်ဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အခြားဝါရင့်နိုင်ငံရေးသမားကြီးတဦးကလည်း “ဒါပုဂ္ဂိုလ်ရေးအရ မဟုတ်ပါဘူး။ နိုင်ငံရေးရည်ရွယ်ချက်အရပါ။ အထူးသဖြင့် ကျနော်တို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေအနေနဲ့ အန်အယ်လ်ဒီ၊ စီအာပီပီတို့နဲ့ နိုင်ငံရေးရပ် တည်ချက် တသားတည်း ဖြစ်ကြောင်း ပြသလိုက်တာဖြစ်သလို ကျနော်တို့ကိုယ်တိုင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ နှင့်တကွ (၂၀၁၀) ရွေးကောက်ပွဲကို မယုံကြည် လက်မခံတဲ့အကြောင်း ရှင်းရှင်းလင်းလင်းပြသလိုက် တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် မွေးနေ့ပွဲ တက်ရောက်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင်ကလည်း “ဒီနေ့ပွဲကတော့ သိပ်ကိုထူးခြားတယ်ဗျ။ နအဖ အလိုကျ ရွေးကောက်ပွဲဝင်မယ့်သူတွေကို မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တကယ်တမ်း ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်နေကြတဲ့ နိုင်ငံရေးအသိုင်း အ၀ိုင်းက မလိုလားကြောင်း၊ လက်မခံကြောင်း လက်တွေ့ ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်တယ်ဗျာ” ဟု မှတ် ချက်ပြုပြောကြားသည်။

မွေးနေ့ပွဲသို့ သခင်နိုင်ငံရေးသမားဟောင်းကြီးများ၊ အန်အယ်လ်ဒီအလုပ်အမှုဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ စာပေနယ်မှ ပုဂ္ဂိုလ်များနှင့် အခြားနိုင်ငံရေးနယ်ပယ်မှ လှုပ်ရှားတက်ကြွသူများ၊ မိတ်ဆွေများ စုံစုံညီညီတက်ရောက်ကြသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲအဆင့်ဆင့်နှင့် နိုင်ငံရေးခေတ်အဆက်ဆက်တွင် ထောင် (၁၁) ကြိမ်အထိကျခံကာ စွန့်လွှတ်စွန့်စား ပါဝင်လှုပ်ရှားဆောင် ရွက်ခဲ့သည့် ၀ါရင့်သခင်နိုင်ငံရေးသမားဟောင်းကြီးဖြစ်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ပိုင်းတွင် စစ် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ပြည်သူ့လှုပ်ရှားမှုကြီးတွင် ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့ကြ သည့် သခင်နိုင်ငံရေးသမားဟောင်းကြီးများထဲတွင် တဦးအပါအ၀င်ဖြစ်သည်။

အထူးသဖြင့် သခင်ဟောင်းကြီးများအပါအ၀င် ၀ါရင့်နိုင်ငံရေးသမားကြီးများပါဝင်သော “၀ါရင့်နိုင်ငံရေးလုပ် ဖော်ကိုင်ဖက်များ” ဟူသောအဖွဲ့ကို သခင်သိန်းဖေက ဦးဆောင်စုစည်းလျက် ဒီမိုကရေစီရေးလှုပ်ရှား ဆောင် ရွက်မှုများကို အားပေးထောက်ခံကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက် ရေးတို့အတွက် တောင်းဆိုချက်များ၊ ကြေညာချက်များနှင့် မေတ္တာရပ်ခံချက်များကို အခါအားလျော်စွာထုတ် ပြန်ခဲ့သည်။

မူရင်း(http://www.khitpyaingnews.org/index.php?route=detail&id=1236)
1. 2. 3.

0 comments: