ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Friday, May 21, 2010

ဗကသ ခေါင်းဆောင်ကို ထောင်ဒဏ် ၅ နှစ်ထပ်တိုး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်ကိုကျော်ကိုကိုအား ကျောက်တံတားမြို့ နယ် တရားရုံးက နောက်တိုး (၂) မှုဖြင့် ယနေ့တွင် (၅) နှစ် ပြစ်ဒဏ်ချလိုက်သဖြင့် စုစုပေါင်းကျခံရမည့် ပြစ် ဒဏ်မှာ (၈) နှစ် ရှိသွားပြီးဖြစ်သည်။
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တရားရုံးတွင် ယနေ့မွန်းလွဲက ပြုလုပ်သောတရားခွင်တွင် တရားသူ ကြီး ဦးစောဝင်းက စီးပွားရေးတက္ကသိုလ် ဂုဏ်ထူးတန်းကျောင်းသား ကိုကျော်ကိုကိုအား တရားမဝင်အသင်း အဖွဲ့ဖွဲ့စည်းခြင်း ပုဒ်မ ၆ ဖြင့် (၃) နှစ်၊ နိုင်ငံတော်ဆူပူစေအောင် လှုံ့ဆော်စည်းရုံးမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂ နှစ်တို့ဖြင့် တပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။


အသက် (၂၇) နှစ်အရွယ် ကျောင်းသားခေါင်းဆောင်ကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဗီဒီယိုအက်ဥပဒေ ၃၂ (ခ) ဖြင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ရာ အင်းစိန်ထောင်တွင် အကျဉ်းချခံနေရသည်။

“၂၀၀၇ စက်တင်ဘာ (၂၅) ရက်နေ့က ရွှေဝါရောင်တော်လှန်ရေးမှာ  ဆူးလေဘုရားနဲ့ မြို့တော်ခန်းမကြား မှာ ပန်းခြံရှေ့မှာ မိန့်ခွန်းပြောတဲ့အတွက်၊ မိန့်ခွန်းပြောတဲ့နေရာမှာ ဗကသအဖွဲ့ချုပ်ခေါင်းဆောင် ကျော်ကို ကိုလို့ ပြောတဲ့အတွက်ကြောင့် ကျောက်တံတား မြို့နယ်တရားသူကြီးရုံးက အသင်းအဖွဲ့ပုဒ်မနဲ့ တရားစွဲပါ တယ်။ ဒုတိယမြို့နယ်တရားသူကြီးရုံးက လူတွေကို ဆူပူလှုံ့ဆော်တဲ့ ၅၀၅(ခ)နဲ့စွဲပြီး(၂)နှစ် ပြစ်ဒဏ်ချ တာပါ’’ဟု ကျော်ကိုကို၏ ဖခင်ဖြစ်သူ ဦးကျော်အေးက မဇ္ဈိမကို ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ၁၉၃၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက် သမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်ဖြင့် ခွဲ၍ ဖျက်ဆီးခဲ့ပြီးနောက် မြေအောက်အဖွဲ့အ စည်းအဖြစ် လှုပ်ရှားကာဆက်လက် ထိန်းသိမ်းခဲ့ကြသည်။

မိသားစုဝင်များသည် တရားခွင်အတွင်း ဝင်ရောက်ခွင့် မရရှိသော်လည်း တရားရုံးတံခါးပေါက် အနီးတွင် မတ်တပ်ရပ်ကာ စီရင်ချက်ကို နားထောင်ခွင့် ရရှိခဲ့သည်။

“ကျနော့်သားက ပြန်ပြီးတော့ ချေပပါတယ်။ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရှိတယ်။ ကျောင်းသား ဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂလို့ ပြောတာဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အ ဖွဲ့ချုပ်က ၁၉၃၆ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးရာဇတ်တို့က ဖွဲ့စည်းခဲ့တာ၊ လုံးဝ ပျက်ပြယ်ခြင်း လည်းမရှိပါဘူး။ မတရားအသင်း ကြေညာထားခြင်းလည်း မရှိပါဘူး။ အဲဒီအတွက် သူ့မှာ ပြစ်ဒဏ်မရှိ ဘူးတဲ့’’ ဟု ကြည့်မြင်တိုင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆရာတဦး ဖြစ်သော ဦးကျော် အေးက ပြောသည်။

“ကျောင်းသားတွေအနေနဲ့ ဘုန်းတော်ကြီးတွေက မေတ္တာပို့လမ်းလျှောက်နေတဲ့အချိန်မှာ ကျန်တဲ့လူတွေကို လမ်းလျှောက်ဖို့ ပြောတာပါ။ အဲဒီလို ပြောတဲ့အချိန်မှာ ဘယ်သူမှ ကြောက်လန့်သွားတာလည်း မရှိပါဘူး။ ဆူ ဆူပူပူလည်း မရှိပါဘူးဆိုတဲ့အတွက် သူ့မှာ အပြစ်မရှိပါဘူးတဲ့’’ ဟု သူက ဆက်ပြောသည်။

ကိုကျော်ကိုကိုအမှုအတွက် ရှေ့နေ ၂ ဦးက လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်ဆန္ဒပြပွဲများတွင် ဗကသ ပြန်လည်ဖွဲ့ စည်းခဲ့ရာ ကိုကျော်ကိုကို ပါဝင်ဦးဆောင်ခဲ့ပြီး၊ တိမ်းရှောင်နေရင်း ၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အ ဖမ်းခံခဲ့ရသည်။

မူရင်း(http://www.mizzimaburmese.com/news/inside-burma/5418-2010-05-21-15-39-27.html)
1. 2. 3.

0 comments: