လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများကို ထောင်သွင်း အကျဉ်းချခြင်း၊ ဖိနှိပ်ခြင်းပြုလုပ်သည့် နိုင်ငံ များတွင် မြန်မာ နိုင်ငံလည်းပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။AI၏ ကြေညာချက်တွင် အဆိုပါနိုင်ငံများထဲ၌ မြန်မာနိုင်ငံအပြင် အာရှ နိုင်ငံများဖြစ်သည့် တရုတ်နှင့် မြောက်ကိုးရီးယားလည်း ပါဝင်သည်ဟု ဆိုထားသည်။
လူ့အခွင့်အရေး ချိုးဖောက်သည့် အစိုးရများကို ရှုတ်ချသည့် AI ၏ ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာသည် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၅၉ နိုင်ငံတွင် အခြေခံ၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
AI မှ အထွေထွေအတွင်းရေးမှူး Claudio Cordoneက “လူအခွင့်အရေး ချိုးဖောက်မှုတွေ အတွက် လူသား အားလုံးဟာ ဥပဒေရဲ့ အစောင့်အရှောက်ကို ရသင့်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူး ဆိုတဲ့ အ ချက်ကို အစိုးရတွေက ပိုခိုင်မာအောင် လုပ်ဆောင်သင့်ပါတယ်” ဟု ဆိုသည်။
အာရှနိုင်ငံများတွင် တရုတ်နိုင်ငံအနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ထောင်သွင်း ကျဉ်းချခြင်းများ ပိုမိုဖိအားပေး ဆောင်ရွက်ခဲ့သကဲ့သို့ မြန်မာနှင့်မြောက်ကိုးရီးယား နိုင်ငံတို့တွင်လည်း ဆိုး ရွားသည့်ဖိနှိပ်မှုများကြောင့် အများအပြား ထွက်ပြေးခဲ့ရကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။
ကုန်သွယ်ကူးသန်း ဆက်သွယ်မှုများနှင့် သံတမန်ရေးအရ မြန်မာပြည်အပေါ် အကာအကွယ်ပေးနေမှုများ ကြောင့် မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ရင်းနှီးသော ဆက်ဆံမှုများရှိသည်။
ဧပြီလက မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေသော်လည်း တရုတ်နိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့ သော ကြောင့် ရွှေ့ဆိုင်းခဲ့သည့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်၏ ခရီးစဉ်ကို ဇွန်လ အစောပိုင်းတွင် ပြန်လည် စ တင်မည်ဖြစ်ကြောင်း သံတမန် အသိုင်းအ၀န်းက ဆိုသည်။
ခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ်က မြန်မာပြည်၏ အမျိုးသား ရင်ကြားစေ့ရေးနှင့် တည်ငြိမ်ရေး၊ တရုတ်- မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလူမျိုးများ အရေး၊ မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံ ဆက်ဆံရေး တို့နှင့်ပတ် သက်၍ ဆွေးနွေးနိုင်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ တစုံတရာ ဝေဖန် ပြောဆိုခြင်း မရှိသော်လည်း မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ကို ပါဝင်ခွင့်မပြုရန် တားမြစ်ထားသည့် ရွေးကောက်ပွဲ ဥပဒေအား တရုတ်အစိုးရက စိတ်ပျက်နေကြောင်း ယင်း သံတမန် အသိုင်းအ၀န်းက ပြောဆိုသည်။
အဆိုပါ ခရီးစဉ် မတိုင်မီ မေလ ၁၈ ရက်နေ့က တရုတ်နိုင်ငံရွှေလီနှင့် မြန်မာနိုင်ငံ ကျောက်ဖြူသို့ ဆက်သွယ် မည့် တရုတ်မြန်မာ စင်္ကြံလမ်း စီမံချက် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွာကို ၂ နိုင်ငံ ဆောက် လုပ်ရေး ၀န်ကြီးများက လက်မှတ်ရေးထိုး ခဲ့ကြကြောင်း အစိုးရပိုင် သတင်းစာများတွင် ရေးသားထားသည်။
တရုတ်ဝန်ကြီးချုပ် ခရီးစဉ်မတိုင်မီ ကချင်ပြည်နယ် ဧရာဝတီ မြစ်ဖျားရှိ မြစ်ဆုံရေကာတာ ဆောက်လုပ် ရေး စီမံကိန်းကို ရပ်တန့်ပေးရန်အတွက် ကန့်ကွက်သည့် စာကို တရုတ်နိုင်ငံ သမ္မတဟူကျင်တောင်ထံသို့ ကချင် လူ့အခွင့် အရေး လှုပ်ရှား သူများက ယနေ့တွင် ထပ်မံပေးပို့ တောင်းဆိုလိုက်သည်။
ကချင်ပြည် လူမှုဖွံ့ဖြိုးရေး ကွန်ရက် အဖွဲ့ (KDNG) တာဝန်ခံမအားနန်က မြစ်ဆုံအနီးရှိ တန်ဖရဲ ကျေးရွာကို ပြောင်းရွှေ့ရန်စေခိုင်းခြင်းနှင့် ပတ်သက်၍ ရွာသူရွာသားများက ငြင်းပယ်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြသော် လည်း အတင်းအကျပ် ပြောင်းရွှေ့ခိုင်းသဖြင့် ယခုကဲ့သို့ တောင်းဆို ရခြင်းဖြစ်ကြောင်း ပြောသည်။
“လူမှုဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်နေတဲ့နေရာမှာ ဒီလိုရင်းနှီး မြှုပ်နှံမှုမျိုး မလုပ်ခိုင်းစေချင်ဘူး၊ အဲဒါ ကြောင့် ကျမတို့ စာထပ်ပို့တယ်” ဟု မအားနန်က ဆိုသည်။
ရေကာတာ တည်ဆောက်ရာတွင် အဓိကနေရာဖြစ်သည့် တန်ဖရဲကျေးရွာအား ၂၀၁၀ ပြည့်နှစ် မေလ မ ကုန်မီ ရွှေ့ပြောင်းပစ်ရန် စစ်အစိုးရက မြစ်ကြီးနားမြို့ခံ တထောင်ကျော်အား အမိန့်ပေးခဲ့ကြောင်း၊ ပြောင်း ရွှေ့ရန်ငြင်းဆန်ပါက ထိုကျေးရွာရှိ အိမ်များ၊ စာသင်ကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများကို ချက်ချင်း တစမကျန် ဖျက်ဆီးရမည်ဟုလည်း အဆိုပါ မြစ်ကြီးနား မြို့ခံများကို အမိန့်ပေးကြောင်း၊ ရွာသူရွာသား များက ၎င်းတို့ အိုးအိမ်များ၊ စိုက်ခင်းများအား စွန့်ခွာရမည်ဆိုသည့် အမိန့်များကို ငြိမ်းချမ်းစွာအန်တုနေ ကြောင်း ယင်းစာတွင် ပါရှိသည်။
ယခင်က စာများရေးသား ပေးပို့သော်လည်း ထိရောက်သည့် ပြန်ကြားမှုတစုံတရာ မရခဲ့သောကြောင့် တရုတ်အစိုးရကို ဆက်လက် တွန်းအား ပေးသွားမည်ဖြစ်ကြောင်း မအားနန်က ပြောသည်။
လွန်ခဲ့သည့် ဇန်န၀ါရီနှင့် မတ်လများကလည်း မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးစီမံကိန်း ကန့်ကွက် စာကို ကချင်တိုင်းရင်းသားများ လက်မှတ်ရေးထိုးကာ တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင် အပါအ၀င်ဘန် ကောက်၊ လန်ဒန်၊ နယူးဒေလီ၊ စင်ကာပူ အစရှိသည့် သံရုံးများသို့ ပေးပို့တောင်းဆိုခဲ့ပြီး ယခုအခါ သမ္မတ ဟူ ကျင်တောင်ထံသို့ ထပ်မံပေးပို့ တောင်းဆိုခြင်း ဖြစ်သည်။
မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း အတွက် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၆၀ ကျော်ပြောင်းရွှေ့ရမည်ဖြစ်ရာ ရေလှောင်တမံ စီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ ပါဝင်သည်။
ရွာသားပေါင်း တသောင်းကျော် ပြောင်းရွှေ့နေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် နေအိမ်တန်းလျား များကို အေးရှားဝေါလ် ကုမ္ပဏီက ဆောက်လုပ်နေကြောင်းနှင့် မကြာခင် ပြောင်းရွှေ့ရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။
မြစ်ဆုံရေလှောင်တမံ စီမံကိန်းမဖြစ်မြောက်ရေးအတွက် ကချင်နှစ်ချင်း ခရစ်ယာန်များမှာ၂၄နာရီဆုတောင်း ပွဲကျင်းပခြင်း၊ ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့တွင် နိုင်ငံတကာရောက် ကချင်များက ဆန့်ကျင် ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဌာန နှင့် တရုတ် CPI ကော်ပိုရေးရှင်းတို့သည် မြစ်ဆုံအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုကို ကချင်ပြည် နယ် အတွင်း၌ တည်ဆောက်သွားရန် သဘောတူညီထားပြီး ယင်းစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၃၃၆ဝ မီဂါဝပ်ရရှိရန် မျှော်လင့်ထားကြောင်း ၂၀၀၇ ခုနှစ် မေလထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ သည်။
ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး ဒုတိယ အကြီးဆုံးမှာ ရှမ်းပြည် နယ်ရှိ ၇၁ဝဝ မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည် စီမံကိန်း ဖြစ်သည်။
မြစ်ဆုံရေလှောင်တမံ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိရသော်လည်း အမေရိကန် ဒေါ်လာ ၃. ၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင် ကြောင်း ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

0 comments:
Post a Comment