မင်္ဂလာဈေးကို ယာယီဈေးပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ယနေ့စီစဉ် လျက်ရှိ ကြောင်း ကော်မတီ၏ အဆင့်မြင့်အရာရှိတဦးက ပြောသည်။
အဆိုပါကိစ္စအတွက် မီးလောင်မှုဖြစ်နေသော မင်္ဂလာဈေး စတုတ္ထထပ် (၅) လွှာရှိ ဆိုင်ခန်းပိုင်ရှင်များကို ယနေ့ နေ့လယ် (၁) နာရီတွင် မင်္ဂလာဈေး ဓမ္မာရုံသို့ ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့သည်။
“အစည်းအဝေးမှာတော့ နောက်ထပ်တရက် နှစ်ရက်မှာ သူတို့က ဘယ်သူတွေ ဘယ်နေရာမှာ ပြန်ပြီးယာ ယီရောင်းရမယ်ဆိုတာကို စာရင်းကပ်ပေးထားမယ်လို့ ပြောတယ်။ ဒီမှာပဲ ကြေညာပေးမယ်တဲ့၊ လာကြည့် ပါတဲ့” ဟု အစည်းအဝေးတက်ခဲ့သော ဈေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။
၎င်းက “ကျမတို့ သိန်း (၁,၀၀၀) ကျော်ဖိုးလောက်ပါသွားတယ်။ ပစ္စည်းတွေ ဘာတခုမှ မရလိုက်ဘူး။ မီးက လည်း မြင်တဲ့အတိုင်းပဲ အခုထိ မီးခိုးတွေ တအူအူနဲ့ ထွက်နေတုန်း” ဟု ပြောသည်။
အဆိုပါ မီးသည် မေလ (၂၄) ရက်နေ့ နံနက် (၈း၂၀) နာရီအချိန်ခန့်က စတင်လောင်ကျွမ်းနေခြင်းဖြစ်ပြီး ယနေ့နံနက် (၅) နာရီခန့်တွင်မှ မီးထိန်းနိုင်ခြင်းဖြစ်ကာ မီးခိုးများ မသေသေးဘဲ ယနေ့ ညနေပိုင်း (၅) နာရီ အချိန်အထိ ဆက်လက်ထွက်ရှိနေဆဲ ဖြစ်သည်ဟု မျက်မြင်များကပြောသည်။
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးသည် မြန်မာတနိုင်ငံလုံးသို့ ကုန်စည်စီးဆင်းနေသော ဈေးဖြစ်ပြီး ယခုမီးလောင်မှုဖြစ်ပွားသော စတုတ္ထထပ် (၅) လွှာတွင် ဆိုင်ခန်းပေါင်း (၇၅၀) ခန့်ရှိကြောင်း သိ ရသည်။
ယခုလောလောဆယ်တွင် မင်္ဂလာဈေးမီးမှာ ရာခိုင်နှုန်းပြည့် မငြိမ်းသေးဘဲ ဈေးပတ်ပတ်လည်လမ်းများကို ဆက်လက်ပိတ်ထားပြီး လုံခြုံရေးများချထားကြောင်း သိရသည်။
မူရင်း(http://www.khitpyaing.org/index.php?route=detail&id=1439)
0 comments:
Post a Comment