ဓနုတ်စေတီကြီး ပြိုကျပြီးနောက် တွေ့မြင်ရစဉ်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုဦးဆောင် ပြုပြင်မွမ်းမံခဲ့ပြီးနောက် မကြာခင်ပြိုကျခဲ့သော ရန်ကုန်တိုင်း ဒလ မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဓနုတ်စေတီကြီး ပြန်လည် ပြုပြင်ရန် စတင်လုပ်ဆောင်နေကြောင်း သိရ သည်။ဓနုတ်စေတီကြီး ပြုပြင်ရန်အတွက် ရွှေသံလွင်ကုမ္ပဏီက လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုက ဦးစီးလှူဒါန်းမှုများ ပြုလုပ်တော့မည် မဟုတ်ကြောင်း စေတီဂေါပက အဖွဲ့ နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။
ဒလ ဒေသခံ အာဏာပိုင် တဦးကလည်း “ဒီတခေါက် စေတီ ထီးတင်တာ၊ စိန်ဖူးတော် တင်တာတွေကို နိုင်ငံ တော် အကြီးအကဲ မိသားစုဝင်တွေက လုပ်မှာမဟုတ်ဘူး၊ ဒေသခံ အာဏာပိုင်လူကြီးတွေ၊ ရပ်ရွာက လူတွေ ကပဲ ဦးစီး လုပ်ကြဖို့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
“ဓနုတ်စေတီပြန်တည်ဖို့ မြေတိုင်းတာတွေ စလုပ်နေပြီ၊ အဓိကက မြေသား အပျော့အမာ စစ်ဆေးတာတွေ ရွှေသံလွင်ကုမ္ပဏီက လုပ်နေတယ်”ဟုလည်း ၎င်းကဆိုသည်။
ယင်း သမိုင်းဝင်ဓနုတ်စေတီကြီးကို ၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဒေါ် ကြိုင်ကြိုင် ဦးစီး၍ ထီးတော် တင်လှူပြီးနောက်၂၃ ရက် အကြာ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ် ခန့်တွင် ပြိုကျခဲ့ခြင်း ဖြစ်သည်။
ဓနုတ်စေတီကြီးပြိုကျခဲ့စဉ်က ထူးခြားသော လက္ခဏာများဖြစ်သည့် ရုတ်တရက်အမှောင်ကျခြင်း၊ မီးလုံးအနီ ကြီးများ ဖြတ်သန်း ခြင်းနှင့်မပြိုကျမီ ညပိုင်းအချိန်များက စေတီကြီး၏အရိပ်သည် ထီးတော်မပါဘဲ ကောင်း ကင်တွင် ဖူးတွေ့ရခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
ထို ဓနုတ်စေတီကြီးကို ရှေးဘုရင်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ် ကြိုင်ကြိုင်က ယတြာချေသည့်အနေဖြင့် ထီးတော်တင်လှူခြင်းဖြစ်ကြောင်းလည်း ဒလဒေသခံများ အကြား ပြောဆိုမှုများရှိခဲ့သည်။
“ဒီစေတီကြီးကို ဘုရင်မကြီး ရှင်စောပုကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခဲ့ဖူးတယ်။ ဒေါ်ကြိုင်ကြိုင်ကလည်း ဘုရင်မ တပါးအဖြစ် သူ့ကိုယ်သူ သတ်မှတ်ပြီး ယတြာသဘောနဲ့ ထီးတော်တင်ခဲ့တာကြောင့် ပြိုကျတာဆိုပြီး လူတွေ ကြားမှာ ပြောဆိုကြတယ်”ဟု ဒလဒေသခံ တဦးက ပြောသည်။
စေတီပြိကျမှုကြောင့် လူ ၂၀ ထက် မနည်း သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြော ဆိုခဲ့ကြသော်လည်း စစ်အစိုးရက လူ ၂ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာ ရသည်ဟု ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရပိုင် သတင်းစာများတွင် ဘုရားပြိုကျခြင်းသည် စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်စေလိုသည့် ကြိုးပမ်းတည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများကြောင့် စေတီတော် ကိုယ်လုံး တော်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ပြိုကျပျက်စီးခြင်းဖြစ်ကြောင်းနှင့် မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင် နိုင်ရေး အမြန်ကြိုးစား မွမ်းမံတည်ဆောက်ကြရာတွင် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့သည့်အ တွက် ပြိုကျရခြင်းဖြစ်သည်ဟု လည်းထုတ်ပြန်ခဲ့သည်။
ဓနုတ်စေတီကြီးကို သာသနာ သက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် မြတ်စွာဘုရားဆံတော် နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး လေးသည်ရွာတွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခြင်း ဖြစ်ကြောင်း၊ စတင်တည်ထားချိန်က ဒုန္နိဂ္ဂဟစေတီ ဟူသောဘွဲ့အမည်တွင်ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ဘုရားသမိုင်းတွင် ဖော်ပြထားသည်။
ဓနုတ်စေတီကြီးကို ဘုန်းတန်ခိုးကြီးမားသော ဘုရင်မင်းအဆက်ဆက်က ပြုပြင်ကိုးကွယ်ခဲ့ရာ မြန်မာသက္က ရာဇ် ၇၁၅ ခုနှစ်တွင် ဟံသာဝတီ ဘုရင်ဗညားဦးက လည်းကောင်း၊ ၇၅၆ ခုနှစ်တွင် ဘုရင်သုတသောမ ရာဇ ဓိရာဇ်ကလည်းကောင်း ပြုပြင်တည်ထား ကိုးကွယ်ပြီး သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျင်လှုပ်ပြိုကျရာ ရှင် စောပု ဘုရင်မကြီးက ပြန်လည်ပြုပြင်ကြောင်း၊ သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ဓမ္မစေတီမင်းက လည်းကောင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီး ကလည်း ကောင်း၊ ၉၂၆ ခုနှစ်တွင် ဘုရင့်နောင်က လည်းကောင်း၊ ၁၀၀၆ခုနှစ်တွင် သာလွန်မင်းက လည်းကောင်း၊ ၁၀၄၁ ခုနှစ်တွင် မင်းရဲကျော်ထင်က လည်းကောင်း၊ ၁၁၇၃ခုနှစ်တွင် ဘိုးတော်မင်းတရား က လည်းကောင်း အသီးသီးပြုပြင်တည်ထားခဲ့ကြ ကြောင်း မှတ်တမ်းများ အရ သိရသည်။
0 comments:
Post a Comment