ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သတင်းထောက် တစ်ဦးအား အင်တာဗျူး မေးမြန်းမှုအပေါ် မကျေနပ်မှုနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်သောကြောင့် နစ်နာသူကတရားရုံးသို့ ဦးတိုက်လျှောက်ထားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
7 DayNews ဂျာနယ်၏ သတင်းထောက် မအေးသူစံသည် Entertainment စာမျက်နှာ အင်တာဗျူး ကဏ္ဍအတွက် သရုပ်ဆောင် ထက်ထက်မိုးဦးအား ချိန်းဆိုရာ ဆီဒိုးနားတွင်ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်၍ ထိုအခမ်းအနားသို့ လာရောက်နိုင်ကြောင်း ပြန်လည်ချိန်းဆိုမှုပြု လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းနောက်မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်းအ ရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News သတင်း ဂျာနယ်မှ သတင်းထောက် မအေးသူစံအား ကိုယ်ထိလက်ရောက်မှု ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
အင်တာဗျူးပြုလုပ်ချိန်တွင် မေးခွန်းခုနစ်ခုခန့် မေးပြီးနောက် အဆိုပါသတင်းထောက်က ''ပရိသတ်တွေ ကပြောကြတယ်၊ ထက်ထက်မိုးဦး ဘ၀ကိုခဏခဏ ပြန်စနေရတယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံ စားရလဲ''ဟု မေးမြန်းချက် အပေါ်ထက်ထက်မိုးဦးက ''သွားလိုက်တော့၊ နင်သွားလိုက်တော့"ဟု ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် သတင်းထောက် မအေးသူစံက သရုပ်ဆောင် ထက်ထက်မိုးဦးအား တောင်းပန်၍ပြန်ထွက် လာခဲ့ရာ ထက်ထက်မိုးဦးမှာ အပြင်သို့ အရင်ရောက်ရှိနေပြီး သတင်းထောက် မအေးသူစံအား ဤသို့မေး သည်မှာ သူ့အားစော်ကားခြင်းဖြစ်ကြောင်း မည်သူမေးခိုင်းသလဲ၊ စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး သတင်းထောက်အား ဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ ကြောင်း သိရှိရပါသည်။
''ကျွန်တော်မြင်လိုက်ရပါတယ်။ အဲဒီသတင်းထောက်ကို ပါးရိုက်ပြီး အခမ်းအနားကျင်းပရာ ခန်းမထဲကို ပြန်ဝင်သွားတာပါ''ဟု အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင် ဆီဒိုးနားဟိုတယ်တွင် ရောက်ရှိ မင်တွေ့ခဲ့သူ တစ်ဦး က ပြောပါသည်။
ယင်းသို့ ဖြစ်ပွားနေချိန်၌ သတင်းထောက် မအေးသူစံနှင့်အတူ ဓာတ်ပုံရိုက်ရန်ပါလာသည့် ကိုသန့်ဇင် အောင်၊ ပါဖက်မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင်မဂ္ဂဇင်းမှ မ၀င်းမာ၊ ဟဲလိုဂျာနယ်မှ ကိုဘုန်းနေလနှင့် ပွဲသို့လာ ရောက်သည့် တစ်ခြားသူများ ပါမြင်တွေ့ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်း သို့ ညတွင်းချင်း တိုင်ကြားခဲ့ရာတွင် ဖြစ်စဉ်အရ ရဲရေးမပိုင်သော အမှုဖြစ်ကြောင်း၊ သင်္ဃန်းကျွန်းဆေးရုံကြီးတွင် ရရှိသောဒဏ်ရာများနှင့် ပတ် သက်၍ ဆေးစစ်မှုမှတ်တမ်း ရယူခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ရန်ကင်းမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။ ရန်ကင်းတရားရုံးသို့ ၂၀၁၀ ခုနှစ်ပြစ်မှုကြီးအမှတ် ၁၈၂/၁၀ ဖြင့် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း တရားရုံး ချုပ်ရှေ့နေ ဦးသန်းထွန်းအောင်က ဥပဒေအကျိုးဆောင် အဖြစ် လိုက်ပါ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
''ဒီလိုတရားရင်ဆိုင်ဖို့ စီစဉ်ခဲ့ရတာကတော့ စာနယ်ဇင်းသမားတွေရဲ့ ဂုဏ်သိက္ခာနဲ့ စာနယ်ဇင်းရဲ့ ဂုဏ် သိက္ခာအတွက်သာ ဆောင်ရွက်ရတာပါ။ သတင်းထောက် တစ်ယောက်အနေနဲ့ကတော့ စာဖတ်ပရိသတ် တွေရဲ့ကိုယ်စား ဘယ်မေးခွန်းမဆို မေးခွင့်ရှိပါတယ်။ ဖြေတဲ့သူကလည်း မဖြေချင်ရင် ငြင်းခွင့်ရှိပါတယ်။ ငြင်းတာကိုလက်ခံပါတယ်။ သတင်းစာပညာမှာတော့ Stupid Question ဆိုတာမရှိပါဘူး။ လူမှုရေးကျင့် ၀တ်အရ စောင့်ထိန်းထားရတာပဲ ရှိပါတယ်။ဒါပေမယ့် စာနယ်ဇင်းသမားတစ်ယောက်ကို ဒီလိုကိုယ်ထိလက် ရောက် ပြုမူတာမို့ ကျွန်တော်တို့ကလည်း ဒီလိုတရားရင်ဆိုင် ဖို့စီစဉ်ရတာပါ။ အခုဟာက အေးသူစံတစ် ယောက်အနေနဲ့သာ တရားရင်ဆိုင်တာဖြစ်ပြီး ကျွန်တော်တို့တိုက်အနေနဲ့လည်း ဆက်လက်ပြီး တရားရင် ဆိုင်သွားဖို့ ရှိပါတယ်''ဟု 7 Days News ဂျာနယ်မှ တာဝန်ရှိသူအယ်ဒီတာတစ်ဦးက ပြောပါသည်။
ယခုကဲ့သို့ အနုပညာရှင် Celebrity တစ်ယောက်က မီဒီယာသမားတစ်ယောက်ကို ကိုယ်ထိလက် ရောက် ကျူးလွန်ခြင်းမျိုး မြန်မာမီဒီယာလောကတွင် ယခင်ကဖြစ်ပွားခဲ့သည်ဟု မကြားမိကြောင်း ယခုကဲ့ သို့ဖြစ်ပွားသည်မှာ မသင့်လျော်ပါကြောင်း ယခုဖြစ်စဉ်ကိုရှုတ်ချပါကြောင်း ၀ါရင့်မီဒီယာသမားတစ်ဦးက ပြောကြားခဲ့ပါသည်။
နာကျင်စေမှုနှင့်ပတ်သက်၍ ငွေဒဏ်ဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ အပြစ်ပေ အရေးယူနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃အရ သတ်မှတ်ထားကြောင်း၊ အပြင်းအထန် နာကျင်စေမှုများနှင့် ပတ်သက်၍လည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅အရ ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်ဟု ဥပဒေပ ညာရှင် တစ်ဦးက ပြောပါသည်။
မူရင်း(http://www.news-eleven.com/index.php?option=com_content&view=article&id=3134:2010-05-20-14-52-07&catid=42:2009-11-10-07-36-59&Itemid=112)
1.
2.
3.
0 comments:
Post a Comment