မင်္ဂလာဈေး မီးလောင်ပြီးစ မြင်ကွင်းဓာတ်ပုံ -
မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးအဆောက်အအုံ အရည်အသွေး စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်၍ အ ထပ်လိုက် ဖြိုချမှုများပြုလုပ်ကာ ပြန်လည်တည်ဆောက်ပြီး ဆိုင်ခန်းပိုင်ရှင်များကို နေရာပြန်လည်ချထား ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင် သန်းဝင်းက ပြောသည်။
မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးစတုတ္တထပ်နှင့် အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်ခန်းများမှ ဈေးသူ ဈေး သားများကို ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံတွင် ယနေ့ နေ့လယ်က ခေါ်ယူတွေ့ဆုံစဉ် အထက် ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
မင်္ဂလာ ဈေးသည် အချိန် ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့ရ သောကြောင့် အဆောက် အအုံ၏ အပေါ်ထောင့် ၄ ထောင့်တွင် အက်ကွဲ ကြောင်းများ ဖြစ်လာပြီး ပြိုကျရန် အလားအလာများရှိနေရာ အပေါ်ဆုံးထပ်၊ စတုတ္တ ထပ်နှင့် တတိယထပ်ကို ဖြိုချမည်ဖြစ်ကြောင်း သိရသည်။
လတ်တလော စစ်ဆေးချက်များအရ မင်္ဂလာဈေးကြီး တခုလုံးကို ဖြိုချပစ်ရန် အစီအစဉ်မရှိသေးကြောင်း ဦး အောင်သန်းဝင်းက ဆိုသည်။
မီးလောင်ကျွမ်းသော အဆောက်အအုံကို စည်ပင်သာယာနှင့် မီးသတ်တို့က ခံနိုင်ဝန်အား စစ်ဆေးမှုများ ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့သော စတုတ္တထပ်နှင့် အပေါ်ဆုံးထပ်ရှိ ဆိုင်ခန်း ပိုင်ရှင်များကို ပထမဦးစားပေးအနေနှင့် မီးလောင်ပြင်ကို ကြည့်ရှုခွင့်ပေးကာ မီးထဲသို့ပါသွားခြင်း မရှိသော အထပ်များမှ ဆိုင်ခန်းပိုင်ရှင်များကို အုပ်စုခွဲပြီး ပစ္စည်းများသယ်ယူရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မင်္ဂ လာဈေးကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။
“စတုတ္ထထပ်နဲ့ အပေါ်ဆုံးထပ်ကတော့ အကုန်လောင်သွားပြီ၊ ဓာတ်လှေခါးတွေ၊ စက်လှေကားတွေ ပြိုကျပြီး လမ်းတွေ ပိတ်နေတယ်” ဟူ၍ မင်္ဂလာဈေး၏ လက်ရှိအခြေအနေကို ဦးအောင်သန်းဝင်းက ရှင်းပြသည်။
မင်္ဂလာဈေး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးရသည့်တန်ဖိုးမှာ ကျပ်ဘီလီယံချီ ရှိသောကြောင့် ဈေးကြီးကိုတ လခွဲ၊ နှစ်လနီးပါး အချိန်အတွင်း ပြန်လည်တည်ဆောက်ပြီး ဈေးသူဈေးသားများကို နေရာပြန်လည်ချထား ပေးမည်ဖြစ်ကြောင်း ဈေးသူဈေးသားများရှေ့တွင် ၎င်းက ကတိပေးပြောကြားသည်။
“ယာယီဖွင့်လှစ်ဖို့အတွက် နေရာပြန်ချပေးမယ်လို့ပြောတယ်။ လောလောဆယ် ဘယ်မှာ ချပေးမလဲ ဆိုတာ မပြောသေးဘူး။ ဒီနေ့မှ မီးထဲပါသွားတဲ့ ဆိုင်ရှင်တွေရဲ့ ဆုံးရှုံးမှု စာရင်းတွေ ကောက်တယ်” ဟု မင်္ဂလာဈေး စတုတ္ထထပ်တွင် ဆေးဆိုင်ဖွင့်ထားခဲ့သူ တဦးက ဆိုသည်။
မြန်မာနိုင်ငံ အနှံ့အပြားသို့ အ၀တ်အထည်၊ ဆေးဝါး၊ အလှကုန်နှင့် စားသောက်ကုန်များကို အဓိကဖြန့်ချိ ရောင်းချနေသော မင်္ဂလာဈေးကြီးသည် မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် စတုတ္တထပ် ဆိုင်နံပါတ် ၈၀ကျော် ဆိုင်ခန်းတခန်းမှ လျှပ်စစ်ဝါယာရှော့ကြောင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ကိုယ် တိုင် မီးဝင်ရောက် ငြှိမ်းသတ်ခဲ့သည့် မင်္ဂလာဈေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
“မီးသတ်က သတ်မှတ်ထားတာက ၈ နာရီ ၃၀ မိနစ်မှာ မီးစလောင်တယ်တဲ့၊ တကယ် စလောင်တာက ၇နာ ရီ ၄၅ လောက်မှာ စလောင်တာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ မီးလောင်မှုအတွင်း ပါဝင်သွားသော ဆိုင်ခန်းပိုင်ရှင်အများစုသည် မီးအာမခံ မထားရှိခဲ့သော ကြောင့် ဆုံးရှုံးမှုများ ပြန်လည်မရနိုင်တော့ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
“အကုန်မဖြိုဘူး၊ တလကျော်နဲ့ အပြီးပြန်ဆောက်ပေးပြီး ဆိုင်ခန်းတွေ ပြန်ချပေးမယ်လို့တော့ ကတိပေးသွား တာပဲလေ။ နောက်မှ အဆောက်အအုံက ပြိုကျနိုင်ချေရှိတယ်ဆိုပြီး အကုန်လုံးဖြိုလိုက်ရင်တော့ မပြော တတ်ဘူး။ အဲဒါမှကျနော်တို့အားလုံး သေမှာ” ဟု မင်္ဂလာဈေး စတုတ္တထပ်ရှိ အလှကုန် ရောင်းဝယ်ရေးလုပ် ငန်းလုပ်ကိုင်သူ တဦးက ဆိုသည်။
မင်္ဂလာဈေး မီးလောင်ကျွမ်းခဲ့ပြီးနောက် ၂၅ ရက်နေ့မှစ၍ ယုဇနပလာဇာရှိ ဆိုင်ခန်းများကို ရက်အကန့်အ သတ်မရှိ ဖွင့်လှစ်ရောင်းချခွင့် မပေးသေးကြောင်း၊ ပြန်လည် ဖွင့်လှစ်ရမည့်ရက်ကို အကြောင်းကြားမည် ဖြစ် ကြောင်း ဈေးကော်မတီက ကြေညာထားသည်။
ယနေ့နံနက်ပိုင်းတွင် မီးခိုးများက မင်္ဂလာတောင်ညွန့် တမြို့နယ်လုံးပျံ့နေပြီး မင်္ဂလာဈေး အဆောက်အအုံ ကြီးသည်လည်း မီးခိုးများဖုံးနေသောကြောင့် မမြင်ရသလောက် ဖြစ်နေသည်။
ဖေဖော်ဝါရီလအတွင်းက မီးလောင်ကျွမ်းခဲ့သော သင်္ဃန်းကျွန်းဈေးကြီးကို လူနေအိမ်များပါဝင်သော အဆင့် မြင့်ဈေးကြီးအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာက ပြန်လည်တည်ဆောက်လျက်ရှိပြီး ယမန်နေ့က မီး လောင်ခဲ့သည့် မင်္ဂလာဈေးကြီးကိုလည်း အကြီးစားပြင်ဆင်မှုများသာပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးအောင် သန်းဝင်းက ပြောသည်။
ယင်း မီးလောင်ကျွမ်းမှုတွင် လူအသေအပျောက် မရှိသော်လည်း မီးငြှိမ်းသတ်နေသော မီးသတ်အဖွဲ့ဝင်များ အနက်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတင်ခဲ့ရပြီး လူဦးရေ ၅၀ နီးပါး ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားသည်။
မူရင်း(http://www.irrawaddy.org/bur/index.php/news/1-news/3233-2010-05-25-12-17-25)
မူရင်း(http://www.irrawaddy.org/bur/index.php/news/1-news/3233-2010-05-25-12-17-25)
0 comments:
Post a Comment