ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Sunday, May 23, 2010

တပ်မတော် အတွင်းမှ ဖြစ်ရပ်မှန်များ

ယနေ့ အောက်ခြေ တပ်မတော် အရာရှိတွေဟာ ပြည်သူလူထု နည်းတူ စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှား ဒုက္ခရောက်နေရပုံတွေ၊ သင်တန်းများ အမှုများနဲ့ လုံးလည်ချာလည် လိုက်နေပုံတွေကို ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦးက ရေးသားပေးပို့လာပါတယ်။ လက်တွေ့ သိရှိခံစားပြီး အခုလို ရေးသားပေးပို့ လာတဲ့အတွက် ဆောင်းပါးရှင် ဝေဟင်အား အထူးကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
သင်တန်းများ၊ အမှုများနှင့် လုံးလည်ချာလည် လိုက်နေသော အရာရှိများ
ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)
 MIG 29
 ယနေ့ တပ်မတော်အရာရှိ အများစုမှာ ၎င်းတို့ဘ၀ ရှင်သန် ရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန်နေရင်း ခိုင်းသမျှ လုပ်နေကြရသူများသာ ဖြစ်ပါသည်။ တပ်မတော်ကို ပြည်သူ့ဘက်က ရပ်တည်ပါဟု ဆိုနေသူများ ကို အသိပေးချင်ပါသည်။ အောက်ခြေအဆင့် အရာရှိများသည်လည်း နိုင်ငံတော်နှင့်တပ်မတော် လုံးပါးပါး နေသည်ကို မြေလှန် ပြောင်းလဲချင်သူများချည်း ဖြစ်ပါသည်။ သို့သော် ဆိုခဲ့ပြီးသလို မေးခွန်းများက တပုံတ ပင်။ ဘယ်လို ပူးပေါင်းမှာလဲ၊ ဘာလုပ် ပေးမှာလဲ။ ဗိုလ်ချုပ်ကြီးခင်ညွန့်တောင် ဘယ်ဘ၀ရောက်သွား သလဲ။ မျက်စိရော နားရော အပိတ်ခံနေရသူများအတွက် ပြောင်းလဲခြင်းကို  လမ်းပျောက်နေ သူများပမာ ဖြစ်နေရ ပါသည်။

DSA ရောက်ကာစ First Year ဗိုလ်လောင်းများအား နားချိန်မရှိအောင် လှည့်ပတ်ခိုင်းကာ အချိန်ကုန်မှန်း မ သိ ကုန်စေခဲ့သော နည်းကိုပင် ယခုသုံးကာ အရာရှိများအား နိုင်ငံရေး ဖြစ်စဉ်နှင့် ကင်းကွာစေထားပါသည်။ ဗိုလ်လောင်းသင်တန်းဆင်းပြီး မကြာမီ Russia လွှတ်မည့် မဟာနှင့် ဘာသာစကား သင်တန်းများ၊ လေ/ရေ စသော လက်ရုံးတပ်ဖွဲ့များ ကလည်း လေယာဉ်မောင်း သင်တန်း၊ စစ်ရေယာဉ်မှူးသင်တန်း၊ အမြောက်တပ် စုမှူးသင်တန်း စသော တပ်ဖွဲ့အတွင်း သင်တန်းများ၊ စစ်ကျောင်းကြီးများ၏ ခြေလျင်တပ်ခွဲမှူး၊ တပ်စုမှူး သင် တန်းများ အုပ်ချုပ်ရေးကျောင်းများမှ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်ဗိုလ်ကြီး၊ စာရင်းကိုင်ဒီပလိုမာ၊ ဥပဒေ ဒီပလိုမာ၊ စစ်ဘက်ဥပဒေ စသော သင်တန်းများ၊ တိုက်/စည်း အခြေခံ၊ နည်းပြသင်တန်းများ၊ အင်္ဂလိပ် စကားပြောသင်တန်းများ၊ အခြားသော သက်ဆိုင်ရာ တပ်ဖွဲ့အလိုက် သင်တန်းများစွာတို့ကို တက်ရောက် စေကာ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်ဟု ဆောင်ပုဒ် ဖော်ထုတ်ခဲ့သည်။

တကယ်တမ်း ထိုသင်တန်းများသည် အကျိုးရှိ မရှိတော့ မသိသာသော်လည်း သင်တန်းတက်ရသော အရာ ရှိများအဖို့ သင်တန်းကြေးက ၀န်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ရာ ငွေရ လမ်းများ ရှာကြံကြရပါတော့သည်။ ဆိုင်ကယ် ကယ်ရီ၊ ကားကယ်ရီ၊ ဆေးပြားကယ်ရီ၊ ကျောက်ကယ်ရီ အရာရှိများ၊ တစ်လုံး/နှစ်လုံး/သုံးလုံး ဒိုင်ကိုင်နှင့် ထိုးသား အရာရှိများ၊ အကွက်ကျကျ ငွေလိမ်အရာရှိများ ပေါ်ပေါက် လာသကဲ့သို့ အမှုဖြစ်နေသော အရာရှိ အရေအတွက်ကလည်း တစ်နှစ်တွင် အရာရှိဖြစ်လာသော ဗိုလ်လောင်းအရေအတွက်နှင့် ထပ်တူနီးပါးပင်။ တပ်သားသစ် မရတိုင်း ဗိုလ်လောင်း အရေအတွက်ကို နင်းကန်ခေါ်ခဲ့ရာ အချောက်များလည်းပါခဲ့ပြီး၊ ဂျော်ရ ကီး စစ်ဗိုလ်များလည်း တွေ့နေရသလို၊ DSTA အပတ် စဉ်(၉)တွင် ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင်၏သား ဦးဆောင် သော နားကွင်းတပ် အရာရှိများလည်း ရှိနေပါသည်။

လေတပ်သို့ DSA ၄၁/ ၄၂ မှ စတင်ကာ တပတ်စဉ်လျှင် လေသူရဲ ၃၀၀ စီခေါ်ခဲ့ရာ ယခုအခါ ရှိသည့် လေယာဉ်နှင့် လေသူရဲမမျှရုံသာမက ဘာခိုင်းရမှန်းမသိ ဖြစ်နေသော အခြေအနေတွင် ရှိပါသည်။ မောင်းစ ရာ လေယာဉ်မရှိသည့်အခါ လေသူရဲအဖို့ အလုပ်မရှိတော့ပါ။ အုပ်မှူးများကလည်း ရုံးတက်လျှင်ပြီးရော ထားရပေရာ ချဲထိုး၊ ဖဲရိုက်ရန်သာ ရှိကြပြီး တိုးတက်သော နည်းပညာလေ့လာရန် Internet ကြည့်ရန်မှာ လည်း လေတပ်တခုလုံးတွင် Internet တပ်ဆင်ခွင့်ရထားခြင်းမရှိပဲ၊ MIG 29 လေယာဉ်အုပ်တွင်သာ လေ ယာဉ်ဆီ ရောင်းရ သော တရားမ၀င်ငွေများဖြင့် ကိုယ်ပိုင်တပ်ဆင် သုံးစွဲမှုရှိပါသည်။

အင်ဂျင်နီယာများဘက်တွင်လည်း DSTA မှ ဆင်းပြီး လေတပ်ထဲရောက်သည်နှင့် လေတပ် စက်မှုလက်မှု ကျောင်းသို့ တက်ရပြီး လေတပ်ဆိုင်ရာများ သင်ရသော်လည်း ၎င်း ကျောင်းတွင် နည်းပြအရာရှိ ၂ ဦးသာ ရှိပြီး ထိရောက်စွာ မသင်နိုင်ပါ။ သက်တမ်းကုန် လေယာဉ်များကို ပြင်ဆင် ထိန်းသိမ်းမည့် သူများ မောင်း နှင်ကြမည့် သူများ၏ တကယ့် အဖြစ်မှန်ပါ။ ပိုဆိုးသည်မှာ ယခင်က လေတပ်၏ စက်မှုလက်မှုဌာနတွင် ရှိနေ နှင့်သော အရာရှိများအား B.E ဘွဲ့မရက ဆင့်တိုးမပေးဟု ဆိုကာ ဗိုလ်ကြီး အဆင့်တွင်ပင် ထားလျက်ရှိရာ သူတို့၏ခံစားချက်ကြောင့် လက်ဆင့်ကမ်း သင်ကြားပေးမှု ကို မျိုးဆက်သစ်တို့ မရရှိခြင်းဖြစ်ပါသည်။

နည်းပညာတို့သည် အဆင့်မြင့်လျက်ရှိနေသော်လည်း လေတပ်တွင် ခေတ်ဟောင်းက ဗုံးများ၊ ဒုံးများ ရှိနေသေးရာ ၎င်းတို့ကို ကိုင်တွယ်သိရှိသူများသည် ဗိုလ်ကြီးအိုများဖြစ် နေခြင်းက လေတပ်ဗုံးစတိုများ အနီး နေထိုင်သူများအတွက် မျက်ခုံး လှုပ်ဖွယ်ပင်။ တပ်တွင်းပြဿနာ နောက်တခုမှာ ဥပဒေကြောင်း နားမလည်သော သူများခြင်း ဖြစ်ပါသည်။ စစ်ဘက်ဥပဒေ သင်တန်းရှိသော်လည်း သင်တန်းပြီးယုံမျှသာ လေ့လာ ကြသည်က များပါသည်။ သို့ဖြစ်ရာ တစုံတရာ ပြစ်မှုဖြစ်ပါက ဥပဒေကို နားလည်သော အရာရှိနှင့် တပ်မှူးများ၏ လှည့်ကွက်အောက်တွင် ၎င်းတို့လိုလားချက်အတိုင်း လည်စင်း ခံရတတ် ကြပါသည်။

တပ်မှူးများကလည်း ဥပဒေဒီပလိုမာ ရရှိထားသော အရာရှိများကိုခေါ်ကာ ၎င်းတို့ ဖြစ်ချင်သည့် လမ်း ကြောင်းပေါ်သို့ ဆွဲတင်စေပြီး အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်စေပါသည်။ အရာရှိများ၏ ဒီလိုအဖြစ်တွေထဲမှာ ကတော်တွေကလည်း တမျိုးထူးပါသေးသည်။ ကျွန်ဝယ်ရာ အဆစ်ပါ ဆိုသလို ထားရာနေ၊ စေရာသွား ခိုင်းတာလုပ်ရာမှာ မိန်းမတွေပါ အဆစ်ပါနေရာ ပဒေသရာဇ်ခေတ်ကလို တော်ကောက်မခံရတာပဲ တော် ပါသေး။ ဗိုလ်ချုပ် ကတော်တွေလာရင် သနပ်ခါးသွေး၊ ထမိန်လျှော် လုပ်ကြရပါသည်။ မလုပ်တဲ့သူ တပ်ထဲ မှာမနေနဲ့ ဆိုတာအပြင် ကိုယ့်ယောက်ျားအလုပ်ကို ထိခိုက်မှာစိုးလို့ ကျိတ်မှိတ် လုပ်နေကြရရှာပါ သည်။ စည်း/ကော်ဆိုတဲ့ အပေါ်ယံ လှုပ်ရှားမှုတွေကလည်း တပ်မိသားစုတွေအတွက် ၀န်ထုပ်ဝန်ပိုး တစ်ခုပင်။ ဒီ မှာကြုံလို့ ဆန္ဒခံယူပွဲမှာ တပ်တွေက ဆန္ဒမဲပေးပုံလေးကို ပြောပြပါဦးမည်။

တပ်အတွက် မဲရုံက သီးခြားဖြစ်ပါသည်။ မဲလက်မှတ်တွေက ၂ မျိုးဖြစ်ပြီး အမှန်တကယ် လက်မှတ်တွေကို အမှန်ခြစ်ပြီး သိမ်းထားပါသည်။ မိတ္တူကူးထားတဲ့ လက်မှတ်တွေကို စစ်သည်တွေနဲ့ မိသားစုတွေကို ပေးပြီး မှတ်တမ်း ဓါတ်ပုံ ရိုက်ရုံ မဲထည့်ခဲ့ကြရတာပါ။ ပြီးတော့ တပ်တွင်းမှာ ဘယ်သူမေးမေး အမှန်တကယ် မဲပေး ရကြောင်းသာ ပြောရန်နှင့် ပေါက်ကြားပါက စစ်စည်းကမ်းအရ အရေးယူခံရမည်လို့ ညွှန်ကြားပါသည်။

မယုံမရှိပါနဲ့ … ဆန္ဒမဲ လက်မှတ်တွေမှာ ဘာတွေပါလဲလို့ လက်တို့ပြီး မေးကြည့်ပါ။ အခြားသော တပ်ဖွဲ့များ တွင်လည်း အလားတူ အခြေအနေမျိုးများ ရှိသည်ချည်း ဖြစ်ပါသည်။ ယခုတင်ပြရာတွင် အရာရှိများ၏ အခြေ အနေကိုသာ ဇောင်းပေးဖေါ်ပြသွား ရသော်လည်း စစ်သည်များ အထဲတွင်လည်း ယခုထက် ပိုမိုဆိုးရွားသော ပြဿနာများ ရှိပါသည်။ အလျင်းသင့်က ဆက်လက် ရေးသားသွားပါမည်။

မူရင်း(http://www.photayokeking.org/Real-storyes/the-military-officers-who-are-facing-the-trainings-crimes.html)
1. 2. 3.

0 comments: