အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ၀င် ရောက်ခဲ့ပြီးဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
အနောက်တောင် မုတ်သုံလေသည် မေလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ၀င်ရောက် ခဲ့ကြောင်း၊ မြစ်ဝကျွန်းပေါ် ဒေသများသို့မူ မေလ ၂၁ ရက်နေ့၌ စတင် ၀င်ရောက်လာခဲ့ကြောင်း မိုးလေ၀ သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေလ ၂၂ ရက်နေ့တွင် သိရသည်။
ယခုနှစ်သည် မိုးကြိုမိုးရွာသွန်းမှု နည်းပါးခဲ့သော နှစ်တစ်နှစ်ဖြစ်ပြီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မေလအတွင်း ရောက်ရှိမှသာ မိုးကြို မိုးရွာသွန်းမှုကို ကြုံတွေ့ခဲ့ရသည်။
ဘင်္ဂလားပင်လယ်အော် အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ၏ သက်ရောက်မှုကြောင့် မိုးရွာသွန်းမှုများကိုလည်း ကြုံတွေ့ ခဲ့ရပြီး မုန်တိုင်းမိုးပြီးနောက်တွင် မုတ်သုံမိုးရွာသွန်းမှုများကို ဆက်လက် ကြုံရမည်ဟု ရာသီဥတုဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်ပါသည်။
အနောက်တောင် မုတ်သုံလေ တောင်ပိုင်းဒေသများသို့ ၀င်ရောက်သည့်ရက်သည် ယခင်က မေလ ၅ ရက် ၀န်းကျင်တွင် ဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များတွင် မုတ်သုံဝင်ရောက်မှု နောက်ကျလာခဲ့ကာ မေလ ဒုတိယ ၁၀ ရက်ပတ်အတွင်း ရောက်ရှိမှ ၀င်ရောက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
မြစ်ဝကျွန်းပေါ် ဒေသများသို့မူ ယခင်က မေလ ၁၅ ရက်နေ့ ၀န်းကျင်တွင် ၀င်ရောက်လေ့ရှိခဲ့ရာမှ နောက် ပိုင်းနှစ်များ၌ မေလ တတိယ ၁၀ ရက် ပတ်ဝန်းကျင်မှ ၀င်ရောက်ကာ မုတ်သုံနောက်ကျလာခဲ့သည်ဟု သိ ရသည်။
''မုတ်သုံက နောက်ကျနေရင် မုန်တိုင်းကဆွဲမှပဲ ပါလာတဲ့သဘော ရှိတဲ့အတွက် ဒီနှစ်မုန်တိုင်းဖြစ်မှပဲ မုတ်သုံ ၀င်လာခဲ့တာပါ''ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် က ပြောကြားသည်။
မြန်မာနိုင်ငံ၏ မုတ်သုံဝင် ရောက်မှုများသည် ရာသီဥတုပြောင်းလဲမှု သိသာလာသည့် ၁၉၇၇ ခုနှစ် နောက် ပိုင်းတွင် နောက်ကျလာခဲ့ပြီး မုတ်သုံဆုတ်ခွာမှုမှာမူ စောလာခဲ့သည်ဟု သိရှိရသည်။ ထို့အတူ မိုးရွာသွန်း သည့် ကာလမှာလည်း တိုတောင်းလာခဲ့ပြီး ယခင် မိုးရွာသွန်း ရက် ၁၄၄ ရက် ၀န်းကျင်ရရှိခဲ့ရာမှ နောက်ပိုင်း တွင် ရက် ၁၀၀ ကျော် ၀န်းကျင်သို့ ကျဆင်းခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်မှာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ၊ မတ်လများတွင် အားပြန်လျော့လာခဲ့ သော် လည်း ဖြစ်စဉ်ပြီးဆုံးမှုမရှိ သေးဘဲ ယခုလကုန်တွင် ပြီးဆုံးနိုင်ကြောင်း၊ သက်ရောက်မှုများ ဖြစ်သော မိုးနည်း ပါးခြင်း၊ အပူချိန်မြင့်မားခြင်းများကိုမူ လာမည့် သြဂုတ်လ အထိ ကြုံရနိုင်ကြောင်း ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ် က ခန့်မှန်းထားသည်။
မူရင်း(http://www.news-eleven.com/index.php?option=com_content&view=article&id=3159:2010-05-23-08-40-46&catid=42:2009-11-10-07-36-59&Itemid=112) 1. 2. 3.
0 comments:
Post a Comment