ဝတပ်ဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ တုံ့ပြန်မှုမရှိသေးသည့်အပေါ် ထပ်မံဆွေးနွေးရန် ဝတပ်ဖွဲ့ ဥက္ကဋ္ဌပေါက်ယူချန်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးက ခေါ်ဆိုထားကြောင်း သိရသည်။
ဝတပ်ဖွဲ့ခေါင်းဆောင်များအနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို နားလည်မှုလွဲနေ၍ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း ကိုယ်တိုင် လားရှိုးမြို့သို့ လာရောက်စေလိုကြောင်း ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်က ယခုလ (၁၉) ရက်တွင် စာရေးကမ်းလှမ်းခဲ့သည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။
၎င်းက “ပေါက်ယူချန်းနဲ့အတူ ကျန်တဲ့သူတွေလည်း စိတ်ကြိုက်ခေါ်လာခဲ့၊ လူကန့်သတ်မထားဘူး။ ဝတပ်ဖွဲ့အနေနဲ့ နအဖထဲက တွေ့ချင်၊ ဆွေးနွေးချင်တဲ့ သူတွေကိုလည်း ပြောပါ၊ ရမခက စီစဉ်ပေးမယ်ပေါ့။ လားရှိုးကို လာရောက်ဖို့ ဖိတ်ခေါ်တဲ့စာပဲ” ဟု ပြောသည်။
ဝတပ်ဖွဲ့ခေါင်းဆောင်များဘက်မှမူ နအဖ၏ကမ်းလှမ်းမှုအပေါ် ယနေ့အထိ မည်သို့မျှ မတုံပြန်သေးဘဲ ယခု လအစောပိုင်းက နအထံ ပို့ထားသည့် မူ (၄) ချက်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဟု ဝတပ်ဖွဲ့ ခေါင်းဆောင် များနှင့် နီးစပ်သူက ပြောသည်။
၎င်းက “ဝတပ်ဖွဲ့က မူချထားတယ်၊ အဲဒါကိုလည်း နအဖဘက်ကို ပို့ထားတယ်။ ဒေသငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းအတိုင်း ဆက်လက်ချီတက်လိုတယ်။ ဝဒေသကို နိုင်ငံတော်က ခွဲမထွက်ဘူး၊ ဝပြည် လွတ်လပ် ရေး မကြေညာဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း ထောက်ခံသွားမယ်။ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုး များနဲ့ လူထုရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်ကျိုးစွန့်လွှတ် ဆောင်ရွက်သွားမယ်ဆိုတဲ့ မူ(၄) ချက် ချထားတယ်” ဟု ပြောသည်။
ဝခေါင်းဆောင် ပေါက်ယူချန်းအား လားရှိုးသို့ လာရောက်တွေ့ဆုံရန် ယခုနှစ် ဇန်နဝါရီ (၅) ရက်၊ ဖေဖော်ဝါရီ (၆) ရက်နှင့် (၁၄) ရက်တို့တွင် နအဖဘက်က ကမ်းလှမ်းခဲ့မှုကို ပယ်ချနေခဲ့ရာမှ ဖေဖော်ဝါရီ (၂၆) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ တရုတ်အာဏာပိုင်များ၏ ဝင်ရောက်ဖျောင်းဖျပေးမှုအရ ဝခေါင်းဆောင် ပေါက်ယူချန်း ဦးဆောင်သည့် ဝကိုယ်စားလှယ်အဖွဲ့နှင့် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံခဲ့သော်လည်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးမှာ ယနေ့အချိန်အထိ မပြေလည်ဘဲ ဖြစ်နေသည်။
ဝတပ်ဖွဲ့အပါအဝင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖက ယမန်နှစ်၊ ဧပြီ (၂၈) ရက်က စတင်ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်အကြား အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်သကဲ့သို့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ရာဇသံပေး၊ နောက်ဆုံးရက်သတ်မှတ်မှုများကို နအဖဘက်က အကြိမ် ကြိမ် သတ်မှတ်ခဲ့သည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဧပြီ (၂၈) ရက် နောက်ဆုံးရက်သတ်မှတ်ခဲ့ပြီး လက်မခံပါက မတရား အသင်း ကြေညာသွားမည်ဟု နအဖဘက်က ပြောဆိုထားခဲ့သော်လည်း ယနေ့အချိန်အထိ မည်သည့်တုံ့ပြန် သက်ရောက်မှုမှ မရှိဘဲ လိပ်ခဲတည်းလည်းဖြစ်နေချိန်တွင် နအဖဘက်က ဝတပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူ ချန်းကို ထပ်မံကမ်းလှမ်းလာခြင်း ဖြစ်သည်။
မူရင်း(http://www.khitpyaing.org/index.php?route=detail&id=1304)
0 comments:
Post a Comment