ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Thursday, May 27, 2010

မိုးရွာပေမယ့် ကျေးလက်ဒေသမှာ ရေရှားပါးမှုပြဿနာ ရှိနေဆဲ


ပဲခူးတိုင်း သနပ်မြို့နယ် အနီးကပ်ရွာတွင် ရွာသားတစ်ဦး သနပ်ပင်မြို့နယ်စည်ပင်သာယာရေးဌာနမှ လာဝေသောရေကို သယ်ယူစဉ်

"ဒီလိုအပူကြီးတာမျိုး ကြုံဖူးပေမယ့် ဒီနှစ်ကတော်တော်ဆိုးတာဗျ။ ကျွန်တော်တို့မြို့က အကြီးဆုံးလို့ ပြော မယ့် ရေကန်ကြီးတောင် ခန်းရော။ သောက်ရေ၊ သုံးရေအတွက် ဒုက္ခပေါ့ဗျာ။"ကိုမောင်မျိုးတစ်ယောက် သ နပ်ပင် မြို့မှာရှိတဲ့ ရေကန်တွေအနက် အကြီးဆုံးကန်ကြီးဖြစ်တဲ့ ပြည်တော်သာဘုရားကြီးပိုင်း အမှတ်(၁) ကန်ကြီးနားဖွင့်ထားတဲ့ သူ့ဈေးဆိုင်လေးကနေ ရေကန်ကြီးဆီ လက်ညှိုး ထိုးရင်း မသာမယာ အမူ အယာနဲ့ စာရေးသူရဲ့အမေးစကားကို တုံ့ပြန်တယ်။ သူ့ကြည့်ရတာ ရာသီဥတုပူတဲ့အပြင် ရေရှားတဲ့ ဒုက္ခကြောင့်ပါ စိတ်မချမ်းမသာဖြစ်နေတဲ့ဟန်။


ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်ထဲမှာ ရွာပေါင်း ၉၆ ရွာရှိတဲ့အနက် ဒီနှစ်ရဲ့ မှတ်တမ်းတင်ရလောက်အောင် ထူး ထူးခြားခြားအပူလွန်ကဲမှုနဲ့ မိုးကြိုဝင် နောက်ကျမှုကြောင့် ရွာတိုင်းမှာရှိတဲ့ သောက်သုံးရေကန်တွေဟာ မြေ ကြီးတွေ ပပ်ကြားအက်ကွဲရတဲ့အထိ ခန်းခြောက်ခဲ့တယ်။ အဲဒီတော့ ရေကန်တွေကို အမှီပြုနေထိုင်ကြတဲ့ ရွာ သားတွေ ကြုံတွေ့ခံစားရတာက ရေရှားပါးမှုပြဿနာ။

ဒီလို ကျေးရွာတွေရဲ့ ရေရှားပါးမှုပြဿနာအတွက် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာဝန်ထမ်းအဖွဲ့တွေ က ရွာတွေကို အလှည့်ကျလှည့်လည် ရေပေးဝေသလို စေတနာရှင်တွေကလည်း နေ့စဉ်ရေကားတွေတိုက် လို့ ရွာစဉ်တစ်လျှောက် ရေပေးဝေမှုတွေ ပြုလုပ်ကြတယ်။

"ရေရှားတဲ့ပြဿနာက ရွာတိုင်းတော့ မဟုတ်ဘူး။ ဒီသနပ်ပင်မြို့နယ်မှာဆိုရင် ရေပြဿနာကြုံရတဲ့ရွာ ၃၀ ရှိ တယ်" လို့ သနပ်ပင်မြို့နယ်က အနီးကပ်ရွာမှာ ရေပေးဝေနေတဲ့ သနပ်ပင်မြို့နယ် စည်ပင်မှဝန်ထမ်းဖြစ် တဲ့ ကိုမြင့်ဝေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ရွာမှာရေပြတ်တာ တစ်လခွဲလောက် ရှိပြီ။ စည်ပင်က သုံးရက် တစ်ကြိမ်လောက် ရေလာဝေပေးပါတယ်။ ကျွန်မတို့ ခပ်နိုင်သလောက် လည်း ခပ်လို့ရတယ်။ စေတနာရှင်လည်း လာလှူကြတယ်။ ဒါပေမယ့် ကျွန်မတို့ အတွက် ပြဿနာက သူတို့လာပေးတိုင်း ရေယူထားဖို့ တိုင်ကီတို့၊ အိုးတို့ အလုံအလောက် မရှိတာပဲ။ ရှိတဲ့ အိုးလေးတွေ၊ ခွက်လေးတွေနဲ့ ခံထားတာက တစ်ရက်သုံးရင်ကုန်ပြီ။ ဒီတော့နေ့စဉ် ရေလာပေးတဲ့သူမရှိရင် ကျွန်မတို့ ဒုက္ခရောက်တာပဲ"လို့ အနီးကပ်ရွာသူတစ်ဦး ဖြစ်တဲ့ မမြင့်အေးက သူ့ရွာအခြေအနေ နဲ့ ပတ်သက် လို့ ပြောပါတယ်။

အနီးကပ်ရွာကနေ ဆက်သွားရင် ၁၆ ကီလိုမီတာလောက်ဝေးတဲ့ သက္ကလရွာ၊ အုန်းနဲရွာတွေကတော့ စက် ရေတွင်းတွေ ရှိတာမို့ ရေဒုက္ခကင်းဝေးပါတယ်။

ရေဒုက္ခကြုံတွေ့ရတဲ့ ရွာတွေဟာ များသောအားဖြင့် ရေကန်ရေကို အားကိုးအားထားပြုတဲ့ရွာတွေ ဖြစ်တာမို့ အပူချိန်ပြင်းလို့ ရေခန်းတဲ့အခါ ရေ ပြဿနာဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။

ဒီတော့ အဲဒီရွာတွေမှာ နေထိုင်သူတွေအနေနဲ့ ရေတွင်းရေကန်တွေမှာ ရေပြန် ပြည့်မလာမချင်း ရေရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရဦးမှာဖြစ်ပါတယ်။

ဒီလို ရေရှားမှုပြဿနာဟာ မိုးရွာသွန်းတဲ့အခါ အဆင်ပြေသွားနိုင်မယ်လို့ လူအများက သာမန်အားဖြင့် ယူဆ ကြပေမယ့် သုံးခွမြို့နယ်အတွင်းက ကျောင်းစုရွာသား ဦးငွေရကတော့ လတ်တလော မိုးရွာသွန်းခြင်းဟာ သူတို့တွေ ကြုံတွေ့နေရတဲ့ ပြဿနာကို အပြည့်အ၀ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သနပ်ပင်မြို့နယ်နဲ့ သုံးခွမြို့နယ် တစ်ဝိုက်မှာ မေလ ၁၈ ရက်နေ့က မိုးရွာသွန်းခဲ့ပေမယ့် အနည်းငယ်သာ ရွာသွန်းခဲ့တယ်လို့ သိရတယ်။

"မိုးကဖွဲဖွဲလေးရွာတာ ဘယ်မှာရေခံလို့ရမှာလဲ။ မိုးကောင်းကောင်းရွာရင်တော့ တစ်မျိုးပေါ့။ မိုးကောင်း ကောင်းရွာရင်တောင် ရေကန်တွေပြန်ပြည့်ဖို့က အချိန်စောင့်ရဦးမယ်။ ပြီးရင် ရေတွေကလည်း အရမ်း နောက်နေဦးမှာဆိုတော့ သောက်ရေအတွက်က ချက်ချင်းသုံးလို့မရသေးဘူး။ အဲဒီတော့ ရွာရဲ့ ရေပြဿနာ အတွက် စေတနာရှင်တွေကိုပဲ အားကိုးနေရဦးမှာပဲ"လို့ ဦးငွေရကဆို ပါတယ်။ 

မူရင်း(http://www.myanmar.mmtimes.com/2010/news/467/news08.html)

Bookmark and Share 1. 2. 3.

0 comments: