ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Friday, June 11, 2010

ရွှေရတု တိုင်ပြီဖြစ်သော အမေရိကားရောက် ဗန်ဒို

အမေရိကန်နိုင်ငံမှာ မြန်မာ့ရိုးရာသိုင်း လေ့ကျင့်ရေးကျောင်းတွေ ရှိပါတယ်။ အကယ်လို့ ထိရောက်တဲ့ ကိုယ် ခံပညာ သင်ယူလိုပါက ဆက်သွယ် သင်ယူနိုင်ကြပါတယ်၊ တကယ်တော့ ကမ္ဘာ့နိုင်ငံ အတော်များများ မှာပါ မြန်မာ့သိုင်းကို သင်ယူ နိုင်ကြပါတယ်လို့ သိရပါတယ်။အမေရိကန်ကို မြန်မာ့သိုင်းတမျိုးဖြစ်တဲ့ ဗန်ဒို ကိုယ်ခံ ပညာ စတင်ရောက်ရှိလာတာ ၁၉၆၀ ခုနှစ်လောက်က ဖြစ်ပြီး၊ ဆရာကြီး ဒေါက်တာမောင်ကြီးက ဝါရှင်တန် ဒီစီမှာ ဟံသာဝတီ ဗန်ဒိုစံနစ်ကို စတင်ပညာကိုသင် ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ သိရသလောက်ကတော့ အဲဒီဗန်ဒိုပညာကို အိုဟိုင်းအိုး၊ အနောက် ဗာဂျီးနီးယား၊ ဝါရှင်တန် ဒီ စီ၊ နယူးယောက်တဝိုက်နဲ့ အခြားပြည်နယ်အချို့မှာ သင်ကြားနိုင်မဲ့ သင်တန်းကျောင်းတွေ ရှိပါတယ်၊ သူတို့ ကျောင်းတွေမှာ ဆရာတွေကို မြန်မာလို ဆရာလိုဘဲ ရှေ့ကတပ်ပြီးခေါ်ကြပါတယ်၊ အောင်မြင်တဲ့ သင်တန်း ကျောင်းတွေထဲမှာ Advanced Fighting System (Thaing.net လောလော ဆယ်တော့ အဲ့ဒီ ဝဘ်ဆိုဒ် ပြင်နေတယ်) ကတော့ အောင်မြင်တဲ့ ဖိုက်တာတွေ မွေးထုတ်ပေးနေပြီး နာမည်ကြီး လှပါတယ်၊ သူကတော့ MMA ပြိုင်ပွဲတွေမှာ ဝင်ပြိုင်လေ့ရှိပြီး ဒေသတွင်း ချန်ပီယံတွေ အတော်များများ သူ့အသင်းမှာ ရှိတယ်၊ သူတို့ သင်တန်းကျောင်းကတော့ အမေရိကန် ဗန်ဒိုအသင်း အဖွဲ့ဝင်တော့ မဟုတ်ဘူး၊ သင်တန်း ထူထောင်တဲ့ ဆ ရာဖေး(Phil ) ရဲ့ အဖိုးက မြန်မာပြည်မှာနေခဲ့ပြီး သူတို့သိုင်းကတော့ ကချင်ရိုးရာ ကိုယ်ခံပညာပုံစံကို အခြေ ခံတယ်လို့ ဆိုပါတယ်၊ Phil Dunlap ကသူရဲ့သင်တန်း အကြောင်း ရှင်းပြထားတာကို Inside Martial Arts Episode on Burmese Boxing ဆိုပြီး ယူတုဘ် အင်တာနက် ဂျာနယ်မှာ ရှာကြည့်နိုင်ပါတယ်။

သူ့ဆီမှာ နှစ်ပေါင်းတရာကျော်က ဓားအချို့ အခုထိ သိမ်းထားတာ ရှိပါတယ်၊ ဟို တလောတုန်းကတော့ လူ တယောက်ကို သိုင်းသင်မပေးနိုင်ဘူးလို့ ငြင်းလိုက်လို့ လူတန်းစားခွဲခြားမှုနဲ့ သူတရားရုံးမှာ အမှုရင်ဆိုင် လိုက်ရပါသေးတယ်၊ ဖြစ်ပုံက သိုင်း လာသင်တဲ့ သူက သူ့ကို ဖမ်းတဲ့ရဲကို ပြန်ဆော်ချင်လို့ ပါတဲ့၊ အဲဒီရဲအ ရာရှိကလည်း သူတို့ကျောင်းမှာဘဲ သိုင်းလာသင်နေတဲ့သူ ဖြစ်နေလေတော့ အတော်ရှင်း လိုက်ရသေးတယ် တဲ့၊ နောက်တော့ အမှုနိုင်သွားလို့ တော်ပါသေးရဲ့။
အမေရိကန် အထူးတပ်ဖွဲ့တွေ၊ လုံခြုံရေး အရာရှိတွေကို အဓိက သင်ပေးနေတဲ့ ကျောင်းကတော့ Way of the Warrior လို့ အမည်ပေးထားတဲ့ Bando System သင်တန်းကျောင်း ဖြစ်ပါတယ်၊ သူတို့ ဆီကလည်း နာ မည်ကြီး ဖိုက်တာတွေ မွေးထုတ်ပေးပါတယ်၊ သူတို့ကျောင်းရဲ့ စိတ်ဝင်စားစရာကောင်း ကိုးကားထားတဲ့ အဖွဲ့ ဆောင်ပုဒ် တခုကတော့ ၁၉၁၀ ခုနှစ်က အမရပူရ ဆရာတော် မိန့်ကြားတော် မူခဲ့တဲ့
No system is completely unique. No system is completely independent from external and internal influences. Every system evolves over time by integration, modification and restructuring, resulting in what we then call "uniqueness." Overtime, this unique system will also change.
အဆိုကို ကောက်နှုတ်ယူတာပါပဲ၊ နောက် သင်တန်းကျောင်းတွေကတော့ Greater Hartford Bando ကျောင်း၊ မြောက်-ဗာဂျီးနီးယားကျောင်း၊ နယူးအင်္ဂလန်ဗန်ဒိုကလပ် စသည်ဖြင့်ရှိပါတယ်၊ နောက်ပြီး ပြင် သစ်ပြည်မှာလည်း ဗန်ဒိုကို အတော်လေ့လာ သင်ယူကြတယ်လို့ သိရပါတယ်၊ တခြားနိုင်ငံတွေ အတော်များ များကတော့ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး နိုင်ငံတကာအဖွဲ့ ဖွဲ့ထားကြပါတယ်၊ တချို့ကလည်း သီး ခြားပုံစံနဲ့ သင်ကြတာရှိပါတယ်၊ ဘာဘဲပြောပြော တခု သတိထားမိတာ ကတော့ Wikipedia မှာ Bando ဆို ပြီး ရှာကြည့်ရင် သရုပ်ပြတဲ့ လူတွေက မြန်မာတွေ မဟုတ်ဘဲ ဖြစ်နေတာကိုပါ။
သိုင်း သင်ကြားပေးတဲ့ ပုံစံကို ဆက်ရရင်တော့.... အမေရိကန် ဗန်ဒိုသင်တန်းကျောင်းတွေမှာ ဗန်ဒိုရဲ့ အခြေ ခံကျင့်စဉ်တွေနဲ့ အဓိက ပုံစံ ၉မျိုးဖြစ်တဲ့ Bull, Boar, Cobra, Viper, Python, Panther, Tiger, Scorpion နဲ့ Eagle ပုံစံတို့ကိုလည်း အထူးသင်ပြနိုင်ပါတယ်၊ ဒီလိုသင်ကြားတဲ့ နေရာမှာလည်း မိမိနဲ့ကိုက်ညီတဲ့ပုံစံကို ရွှေးချယ်ပြီး သင်ယူမှ ပိုပြီး အောင်မြင်နိုင်ပါတယ်၊ ဥပမာ။ ။ လူထွားကြီး တယောက်ကို သင်တဲ့ပုံစံနဲ့ခပ် သေးသေး လူတယောက်ကို သင်တဲ့ပုံစံ မတူပါဘူး၊ လူထွားကြီး အနေနဲ့ Bull စတိုင်လ် Boar စတိုင်လ် တို့ကို သင်ယူ လေ့ကျင့်မှသာ ပိုမိုထိရောက် အောင်မြင်နိုင်ပြီး၊ ခပ်သေးသေး လူတယောက် အနေနဲ့တော့ Scorpion တို့ Eagle စတိုင်လ်တို့ သင်ယူ သင့်ပါတယ်၊ အမှန်ကတော့ အခြေခံ ဗန်ဒို လေ့ကျင့်ခန်းတွေ ပြီး သလောက်ရှိမှ မိမိဆရာနဲ့ တိုင်ပင်ပြီးကိုက်ညီတဲ့ စတိုင်လ်ကို ရွေးချယ်ပြီး ဆက်လက်လေ့ကျင့်သင့်ပါတယ်၊ နောက်ပြီး မိမိရဲ့ စိတ်နေသဘာဝကလည်း သိုင်းသင်ယူ လေ့ကျင့်တဲ့ နေရာမှာ အရေးပါပါတယ်၊ စိတ်ဆတ် စိတ်တိုလွယ်တဲ့ လူအတွက် တမျိုး စိတ်ရှည်တဲ့ လူအတွက်တမျိုး လေ့ကျင့်ခန်းတွေ ရှိနိုင်ပါတယ်၊ နောက်ပြီး မိမိက အသတ်အပုတ်မှာ အလွန်လက်မြန်တဲ့လူလား လက်ဦးမှုယူပြီး စတင်တိုက်ခိုက် တတ်သူလား ဒါမှမ ဟုတ် ရန်သူက စတင်တိုက်ခိုက်လာချိန်မှာ ရန်သူရဲ့ တိုက်ခိုက်လာပုံအရ တန်ပြန်တိုက်ခိုက်တတ်သူလားဆို တာလည်း အရေးပါတဲ့ အချက်ဖြစ်ပါတယ်၊ စသည်ဖြင့် မိမိအကြိုက်အပြင် မိမိနဲ့ကိုက်ညီတဲ့ပုံစံကို ဦးတည် လေ့ကျင့်နိုင်ပါတယ်။
ဗန်ဒို အခြေခံပညာတွေကို တနှစ်လောက်လေ့ကျင့်ပြီး အဆင့်တခုရောက်မှသာ တုတ်၊ ဓားစတဲ့ လက်နက် ပညာကို စတင်လေ့ကျင့် နိုင်ပါတယ်၊ ဒီနေရာမှာ ဗန်ဒိုက လက်နက်မဲ့ ကိုယ်ခံပညာကို အခြေခံထားပြီး၊ ဗန် ရှည် ကတော့ လက်နက်နဲ့ တိုက်ခိုက်တာကို အဓိက ထားပါတယ်၊ နောက်ပြီး အခြားမြန်မာ့ကိုယ်ခံပညာများ မှာ လက်ဝှေ့၊ နဘမ်း၊ သိုင်းပြောင်းပြန်၊ ဘုန်းကြီးသိုင်း (ပွဲကျောင်း) စသည်ဖြင့် ရှိပါသေးတယ်၊ အမေရိကန် မှာတော့ ဗန်ဒိုမှာ ဂေါ်ရခါးဓားကောက်နဲ့ တိုက်ခိုက်တာကိုပါ ထည့်သွင်းလေ့ကျင့်ပါတယ်၊ အမှန်တော့ ဂေါ် ရခါး ဓားကောက်နဲ့ ဆင်တူတဲ့ ဓားမြှောင်ပုံမျိုး မြန်မာစတိုင်လ်မှာ ရှိပါတယ်၊ ဒါပေမယ့် ဗြိတိသျှစစ်တပ်က ဗန်ဒိုကို စစ်တပ်ရဲ့ တိုက်ခိုက်ရေးပညာအဖြစ် လေ့ကျင့်ခဲ့ပြီး ဂေါ်ရခါးလူမျိုး အရာရှိတွေက ဦးဆောင်ပြီး စ နစ်တကျဖြစ်အောင် လုပ်ခဲ့ကြပါတယ်၊ ဒါနဲ့ ဂေါ်ရခါး ဓားကောက်က အင်တာနေရှင်နယ် ဗန်ဒိုလေ့ကျင့် ရေး မှာ ပါဝင်လာတာပါ။
ဗန်ဒိုပညာက ရှေးမြန်မာတွေရဲ့ တိုက်ခိုက်ရေးပညာရပ်တခု ဖြစ်ပြီး၊ ဒီပညာတွေနဲ့ တိုင်းပြည်ကိုတည် ထောင် ကာကွယ်ခဲ့သလို၊ အချင်းချင်းသတ်ပုတ် ယှဉ်ပြိုင်ခဲ့ကြပါတယ်၊ ဒီတော့ ဒေသအလိုက် သိုင်းပညာတွေဟာ ကွဲ လွဲမှု ရှိခဲ့ကြပြီး၊ အချို့ ပညာရပ်တွေကတော့ ကွယ်ပျောက်သလောက် ရှိနေပါပြီ၊ ဘာလို့လည်းဆိုတော့ မိမိ အဖွဲ့ရဲ့ လျှို့ဝှက်တိုက်ကွက်ကို ဆွေမျိုးသားချင်း လူရင်းတွေကိုသာ သင်ပေးလေ့ ရှိခဲ့လို့ ဖြစ်ပါတယ်၊ ဒီလိုမှ မဟုတ်ရင် တဖက်က မိမိတိုက်ကွက်ကို သိသွားပြီး တန်ပြန်တိုက်ကွက် ဖော်ထုတ်တိုက်ခိုက်လာမှာ ဖြစ်လို့ ပါ၊ ကိုလိုနီဗြိတိသျှခေတ် အတွင်းမှာလည်း အရပ်ထဲမှာ ကိုယ်ခံပညာ လေ့ကျင့်ခွင့်ကို တင်းကြပ်ပိတ်ပင် ထားတာက တကြောင်း သိုင်းလေ့ကျင့်သူကို သူပုန်ထမည့်သူလို့သတ်မှတ်ခဲ့ပါတယ်၊ ခေတ်အဆက်ဆက် မှာ အကြောင်း အမျိုးမျိုးကြောင့် မြန်မာ့ သိုင်းပညာများဟာ ကြီးထွားသင့်သလောက် ကြီးထွားခွင့် မရခဲ့ပြန်ပါ ဘူး၊ အခုခေတ်မှာလည်း မြန်မာပြည်မှာတောင် ရိုးရာသိုင်းသင်ဖို့ဟာ မလွယ်ကူပါဘူး၊ ခေတ်စားပြီး လက် တွေ့မကြတဲ့ အားကစားကို အခြေခံတဲ့ နိုင်ငံခြားက ကိုယ်ခံပညာတွေက မြို့ပေါ်မှာပဲ နေရာရနေကြလို့ ဖြစ် ပါတယ်၊
ဘာဘဲပြောပြော မြန်မာ့သိုင်းပညာကို နိုင်ငံတကာမှာ ပြန်လည်ထွန်းကားလာတာကို တွေ့ရတော့ အလွန် ကို အားရမိပါတယ်၊ နောက်ဆိုရင် မြန်မာတွေ နိုင်ငံခြားမှာ နိုင်ငံခြားသား ဆရာတွေနဲ့မြန်မာ့သိုင်းကို ပြန် သင်နေရမှာလည်း စိုးရိမ်မိပါရဲ့၊ အဲ…. နိုင်ငံတကာမှာတော့ မြန်မာ့သိုင်းကိုသင်ချင်ရင် ငွေကြေးအတော် အ တန်ရှိမှ ဖြစ်မှာပါ၊ သိရသလောက်ကတော့ မြောက်ဗာဂျီးနီးယားဘက်မှာ ဗန်ဒိုသင်တဲ့ အမေရိကန် ဆရာတ ယောက်က ကိုယ့်ဟာကို လူစုပြီး သင်ချင်သူတွေ၊ သီးသန့် သင်ယူလိုသူတွေအတွက် တချိန်သင်ခ ဒေါ်လာ ၂၅၀ ယူတယ်လို့ သိရပါတယ်။
ပြန်စဉ်းစားကြည့်ရင် စာရေးသူငယ်ငယ်က ရိုးရာသိုင်းပညာကို အဆင့်တခုအထိတတ်အောင် မသင်ခဲ့ရတာ ကို အခုမှ နှမြောနေမိသည်၊ ဆရာနဲ့လည်း တွေ့ခဲ့ကြပေမယ့် ထိုးတတ်ကြိတ်တတ် ယုံလောက်ဘဲ သင်ခဲ့ရ သည်၊ အင်း.. နောက်ပြီးအဖွား မကြိုက်တာလည်း ပါသည်၊ အကိုကတော့ သိုင်းဆရာကြီး တယောက်ကို အိမ်ကိုခေါ်လာပြီး ငှက်ပျောပွဲ၊ အုန်းပွဲတွေပြင်ပြီး ခြံဝင်းထဲမှာ အမှန်အကန် သင်ဖို့လုပ်ခဲ့ဖူးသည်၊ နောက် တော့ အဖွားရဲ့ တုတ်သိုင်းကို မယှဉ်နိုင်တာနဲ့ အကိုရော သိုင်းဆရာကြီးရော တခြားတနေရာကို နေရာရွေ့ သွားခဲ့ရသည်၊ အဖွားချစ်တဲ့ စာရေးသူ ကတော့ အဖွားမကြိုက်တာ မလုပ်ပါဘူးဆိုပြီး အိမ်မှာဘဲ ကျန်ခဲ့ဘူး သည်၊ နောက်တော့ သူငယ်ချင်းကွမ်းခြံမှာ ရွှေဘိုဘက်က ဆရာတယောက်နဲ့သိုင်းပြောင်းပြန် သင်ကြပြန် ရော..၊ ဆရာက သူငယ်ချင်း ကွမ်းခြံမှာ အလုပ် လာလုပ်ရင်းနဲ့ ကြုံလို့သင်ကြတာ ဖြစ်သည်၊ နောက်တော့ အကြောင်း အမျိုးမျိုးကြောင့် သိုင်းသင်တာ တခန်းရပ်သွားပြန်တော့သည်။
နောက်တခါ ဆရာတယောက်နဲ့ ထပ်တွေ့ပြန်ပါသေးတယ်..၊ သူကတော့ သိုင်းပညာဆိုတာ သူများကိုဆော် ဖို့ကြီးမဟုတ်ဘူး၊ ခုခံကာကွယ်ဖို့ နောက်ပြီး စိတ်ဓာတ်ကို အရင်ခိုင်အောင် လုပ်ရတယ်ဆိုပြီး၊ တရားထိုင် တာကအစ စံနစ်တကျ သင်ပေးပါတယ်၊ နောက်တော့ ဆရာခမျာလည်း ဆင်းဆင်းရဲရဲ စီးပွားရေး အဆင် ပြေလှတာ မဟုတ်တော့ တခြားရေကြည်ရာ မြက်နုရာ တနယ်ပြောင်းတော့ စာရေးသူနှင့် ရိုးရာသိုင်းသင် ကြားမှုဇာတ်လမ်း အဆက်ပြတ်ခဲ့ရတော့သည်။ ဒီလိုနဲ့ နှစ်အတော်ကြာ မြို့ရောက်တော့ အလွယ်တကူ လက်လှမ်းမှီတဲ့ကျောင်းက ကရာတေးကလပ်မှာဘဲ ဝင်ကစားဖြစ်ပြီး ရိုးရာသိုင်းနှင့် လုံးဝအဆက်ပြတ်သွားရ တော့သည်၊ အင်း..အခုများတော့ အဲ့ဒီတုန်းက ရိုးရာသိုင်းဆရာတွေကိုများ အမေရိကားကို ခေါ်လာပြီး က လပ်ထောင် သင်တန်းပေးလိုက်ရရင် အခုချိန် အတော်အဆင်ပြေမှာဟု သရိုးသရီ တွေးမိသေးသည်။
စာရေးသူ ဆရာတွေကိုခေါ်လာပြီး သင်တန်းထောင်မယ်ဆိုလို့ မြန်မာအတွေးနဲ့တင် မသင့်တော်ဘူးလို့တော့ မထင်လိုက်ပါနဲ့အုံး၊ အမေရိကန်မှာ ဘာသိုင်းမှန်းမသိတဲ့ သိုင်းပေါင်းစုံသင်နေတဲ့ ကလပ်တွေက မြို့ တိုင်း နယ်တိုင်းမှာ အများကြီး ရှိနေပါတယ်၊ ကလေးက အစ အမျိုးသမီးတွေပါ သင်နေကြတာ..၊ စာရေးသူ အခု နေတဲ့ အိမ်နားမှာတောင် ကလပ်နှစ်ခု ရှိပါတယ်၊ ညနေဘက်တွေနဲ့ အလုပ်ပိတ်ရက်တွေဆို ကားတွေရပ် ထားတာ ကားပါကင်ကွင်းထဲမှာ ပြည့်လျှံနေတာကို တွေ့ရသည်၊ မိမိတို့ တိုင်းပြည်က ဆရာတွေခင်ဗျာ ဘာ မှမရရှာကြဘဲ သင်ပေးနေရတာကို သတိရမိသည်၊ အထောက်အပံ့ပေးမယ့် သူကလည်း များများမရှိကြချေ၊ အခုခေတ်မှာတော့ မြန်မာ့ လက်ဝှေ့ကျော်တွေရဲ့ အစွမ်းကြောင့် နိုင်ငံတကာမှာလက်ဝှေ့ကို လူသိပိုများ လာကြတာကိုတွေ့ရသည်၊ မြန်မာလူငယ်တိုင်း ရိုးရာသိုင်းပညာကို လက်လှမ်းမှီ သင်ယူနိုင်ကြပြီး တန်ဖိုး ထား ထိမ်းသိမ်းနိုင်ကြပါစေလို့ ဆုတောင်ရင်း... မြန်မာဗန်ဒိုပညာ တပါးသူရင်ခွင်မှာ ပျော်ပိုက်နေတာ ရွှေရ တု တိုင်ခဲ့ချေပြီ။
ရန်မျိုး ( ကယ်ရိုလိုင်းနား )
ရွှင်းလန်း ချမ်းမြေ့ကြပါစေ.......

Bookmark and Share 1. 2. 3.

0 comments: