ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Sunday, July 25, 2010

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများ မျှော်လင့်

 ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင်ပါဝင်လာစေရန် ရန်ကုန် ပြည်သူတို့က လိုလားမျှော်လင့်နေကြ ကြောင်းရန်ကုန်သတင်းရပ်ကွက်မှ သိရသည်။ပြီးခဲ့သည့်ဇူလိုင်လ (၂၁) ရက်၌ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ တွင် စတင်ကျင်းပသော အာဆီယံနိုင်ငံများအပါအ၀င် အာရှဒေသတွင်း လုံခြုံရေးညီလာခံတွင် ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးခတ်ဆုယအိုခါဒါက စစ် အစိုးရ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရနိုင်ရေး ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအား တောင်းဆိုခဲ့သည့် သ တင်းကို ပြည်ပ အသံလွှင့်ဌာနများမှ လွှင့်ထုတ်ကြေညာခဲ့ပြီးနောက် ယင်းသို့ မျှော်လင့်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းအဖွဲ့ဝင်တဦးက “ဒေါ်စုက ပြည်သူတွေလိုလားတဲ့သူ ဖြစ်တယ်။ သူ့ကို လိုလားတာက သူ့အဖေ ဗိုလ်ချုပ်ကြောင့်မဟုတ်ဘူး။ သူရဲ့ ခေါင်းဆောင်ပီသမှုကြောင့် ဖြစ်တယ်။ သူက ကမ္ဘာက အသိအ မှတ်ပြုတာခံရတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တယောက်ပါ။ မြန်မာနိုင်ငံမှာ စစ်အစိုးရကို ဘယ်သူမှ မလိုလား ဘူးလို့ ကျနော်တို့ခံယူတယ်။ ကျနော်အပါအ၀င် ပြည်သူတွေက ဒေါ်စုရွေးကောက်ပွဲမှာ ပါဝင်လာမှာကို မျှော် နေမိပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်မှ ကျောင်းဆရာမတဦးကလည်း “ကျမတို့ ဒေါ်စုသာ ရွေးကောက်ပွဲမှာ ပါဝင်မယ်ဆိုရင်တော့ ကျမ တို့မဲပေးရမယ့်သူ ပေါ်လာပြီပေါ့။ အခုတော့ ဘယ်သူ့ကို မဲပေးဖို့ဆိုတာ မတွေးရသေးပါဘူး” ဟု ပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးအား ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်စေရန် ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တွင် တားမြစ်မထားပါဟု ပြန်လည်ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်သည်နှင့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့်ပါတီပေါင်း (၄၂) ပါတီက ရွေးကောက် ပွဲကော်မရှင်သို့ မှတ်ပုံတင်ထားပြီး ပါတီ (၃၉) ခုကို ပါတီထောင်ခွင့် ချပေးခဲ့ပြီးဖြစ်သည်။

လတ်တလော ရန်ကုန်တွင် ရေပန်းစားနေသည့်ပါတီများမှာ အန်အယ်လ်ဒီမှ ခွဲထွက်သော ဒေါက်တာသန်း ငြိမ်းခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဦးသုဝေနှင့် မြန်မာနိုင်ငံမှ ၀န်ကြီးဟောင်းများ ၏သမီးများ ပါဝင်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဦးရွှေအုန်းနှင့် ဦးဖြိုးမင်းသိမ်းခေါင်းဆောင်သော ပြည် ထောင်စုဒီမိုကရေစီပါတီတို့ဖြစ်သည်။

“တစညက အရင်ကပဲ အစိုးရလူတွေနဲ့ဖွဲ့ထားတာ ပြည်သူသိပြီးသား။ ကြံ့ဖွံ့ပါတီကလည်း ကြံ့ဖွံ့ဆိုတော့ ပြည်သူတွေက သိနေကြပြီးသားလေ။ ဘာပဲဖြစ်ဖြစ် အံ့ကျော်တွေချည်းပဲ မဖြစ်ဘူး၊ ဇော်ဝမ်းလည်းလိုတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ ဒေါ်စုလိုကိုလိုတယ်။ သူ့ပါတီက ရွေးကောက်ပွဲဥပဒေအရ ကန့်သတ်မှုတွေ ပါ တယ်ဆိုပေမယ့် အခု ဦးဉာဏ်ဝင်းကပြောပြီလေ၊ ကန့်သတ်မထားဘူးတဲ့။ ဒီတော့ဒေါ်စုအနေနဲ့တသီးပုဂလ ပဲဖြစ်ဖြစ် ပါဝင်သင့်တယ်လို့ မြင်တယ်။ ကျနော်တို့လည်း မျှော်လင့်နေတာ” ဟု မြန်မာ့အရေး လေ့လာရေး အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်ကြောင်း၊ တရားမျှတမှုမရှိ၊ တ ဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ ပါတီမှတ်ပုံတင်ခြင်းကိုလည်း လုံးဝလက်မခံကြောင်း ပြောဆိုထား သည်။
မူရင်း(http://www.khitpyaing.org/index.php?route=detail&id=3263)

Bookmark and Share
1. 2. 3.

0 comments: