အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်အား လက်ခံကြိုဆိုမှုကို ရှုတ် ချကန့်ကွက်ကြောင်း အိန္ဒိယအခြေစိုက် လူမှုအဖွဲ့အစည်းများက ၀န်ကြီးချုပ်မာမိုဟမ်ဆင်းထံ ယမန်နေ့ ညနေပိုင်းက အိတ်ဖွင့်ပေးစာ တစောင် ပေးပို့လိုက်သည်။အိန္ဒိယ အခြေစိုက် လူမှုအဖွဲ့အစည်း ၃၈ ခုနှင့် မြန် မာ့အရေးထောက်ခံအားပေးသည့် တသီးပုဂ္ဂလ လူပုဂ္ဂိုလ် ၇၁ ဦးတို့ လက်မှတ်ရေးထိုးထားသော အဆိုပါ စာ တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မြန်မာပြည်သူလူထုကို ကိုယ်စားမပြုဘဲ စစ်အစိုးရကိုသာ ကိုယ်စား ပြု၍ အိန္ဒိယအစိုးရအနေဖြင့် စစ်အစိုးရနှင့် ယခုကဲ့သို့ လွတ်လပ်ရင်းနှီးစွာ ဆက်ဆံခြင်းမပြုသင့်ဟု ရေးသားထား သည်။
စာကို ဦးဆောင်ပေးပို့သည့် ဒေလီအခြေစိုက် Burma Center Delhi မှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက် တာ အယ်လန်နာ က“အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ ပတ်သက်ပြီးတော့လည်း ရှေ့တန်းက ရပ်တည်တဲ့နိုင်ငံဖြစ်တယ်။ ဒီလို ကမ္ဘာ့အဆိုးဆုံး အာဏာရှင် တဦးကို အခုလို ဆက်ဆံတာဟာ လက်သင့်မခံ နိုင်တဲ့ အရာပဲ”ဟု ပြောသည်။
အဆိုပါစာတွင် အိန္ဒိယ အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် မြန်မာအစိုးရကို နားချစည်းရုံးပေးရန် တိုက်တွန်းချက်လည်း ပါဝင်သည်။
ထို့အတူ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးရန်၊ ၂၀၀၈ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ပေါ်ထွန်းရေး အတွက်လည်း မြန်မာအစိုးရနှင့် ပြောဆိုရန် တိုက်တွန်းထားသည်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒီကိုလာတဲ့ အခွင့်အရေးကိုယူပြီး အိန္ဒိယအစိုးရအနေနဲ့လည်း မြန်မာပြည်သူတွေအတွက် တကယ် ကို ထိရောက်တဲ့ အားပေးမှုမျိုး လုပ်ဖို့လိုတယ်။ စစ်အစိုးရ တဖက်သတ်လုပ်မယ့် ရွေးကောက်ပွဲပြီးသွားခဲ့ရင် အခြေအနေတွေဟာ အရင်ထက် ပိုဆိုးလာနိုင်တယ်”ဟု ဒေါက်တာ အယ်လန်နာ က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခရီးစဉ်နှင့်ပတ်သက်၍ အိန္ဒိယအစိုးရနှင့် နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏ လူ့ အခွင့်အရေး အခြေအနေများတွက် ရှင်းလင်းသော သဘောထားကို ပြသရန်လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖိလစ်ခရော်လေကလည်း သောကြာနေ့တွင် တိုက်တွန်း ပြောကြားထားသည်။
နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့ကြီးတခုဖြစ်သော International Federation for Human Rights (FIDH) ကလည်း အိန္ဒိယ အစိုးရအနေဖြင့် လူ့အခွင့်အရေး အချိုးဖောက်ဆုံးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်း ရွှေကို လက်ခံမှုအပေါ် ၀န်ကြီးချုပ်မာမိုဟမ်ဆင်း ထံ စာရေးသားပေးပို့၍ ဝေဖန်မှုပြုခဲ့သေးသည်။
ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပထမဆုံး လာရောက်မည့် ဗုဒ္ဓဂယာရှိ မဟာဗောဓိ စေတီ ပတ် ၀န်းကျင်နှင့် မြန်မာဘုန်းတော်ကြီးကျောင်း သွားရာလမ်းတလျှောက်တွင် အမည်မသိသူများ ကပ်သွားသော စာရွက်များ၌ ရွှေဝါရောင်တော်လှန်ရေး ကာလကပုံများနှင့် “ဗုဒ္ဓသားတော်များကိုသတ်သည့် သန်းရွှေလူ သတ်သမား ငရဲကိုသွား။ ဆုငွေ ရူပီး ၂၀၀၇”ဟု အဓိပ္ပာယ် ရသည့် အင်္ဂလိပ်ဘာသာဖြင့်ရေးထားသော စာ သားများ ပါရှိကြောင်း ဘုရားဖူးများက ဆိုသည်။
“ဗမာ လုံခြုံရေးတွေနဲ့ သီလရှင်တချို့က ပုံတွေကို လိုက်ခွာနေတယ်။ လူများတဲ့ နေရာတွေမှာတော့ သူတို့ မခွာနိုင်ဘူး။ အားလုံးကတော့ ပုံတွေ စာတွေကြည့်ပြီး အံ့သြနေတာပေါ့”ဟု ဗုဒ္ဓဂယာမှ သံဃာတော်တပါး က မိန့်သည်။
မြန်မာသံရုံးမှ လုံခြုံရေးအဖွဲ့များ အပါအ၀င် အစိုးရနှင့်နီးစပ်သော သံဃာတော် တချို့တို့က မဟာဗောဓိပရ ၀ုဏ်အတွင်း လုံခြုံရေးအတွက် ရှာဖွေစစ်ဆေးခြင်းများ လိုက်လံပြုလုပ်နေကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေနှင့် အဖွဲ့ ရောက်လာပါက ဘုရားဖူးများကို ၀င်ခွင့်ပေးမည်ဟု မထင်ကြောင်း တခြား သံဃာတော်တပါးက မိန့်သည်။
“သူဘယ်လောက်ပဲ ဘုရားဖူးဖူး၊ သံဃာတွေ ပြည်သူတွေကို သတ်တဲ့အပြစ်က ငရဲက လွတ်မှာမဟုတ်ဘူး။ ဘုရားလာဖူးလို့သာ အပြစ်တွေ လွတ်မယ်ဆိုရင်၊ ယတြာချေလို့ ရမယ်သာဆိုရင် ဒေ၀ဒတ်တို့ အဇာတ သတ်တို့ကို ဒီလိုလုပ် နိဗ္ဗာန် ရောက်မယ်လို့ ဘုရားက ဟောခဲ့မှာပေါ့” ဟု အထက်ပါသံဃာက မိန့်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အဖွဲ့က လှူဒါန်းမည့်ပစ္စည်းဝတ္တုများကို ဗုဒ္ဓဂယာရှိ သံဃာတော်တချို့က ကံ ဆောင် သပိတ်မှောက်သည့်အနေဖြင့် လက်ခံလိမ့်မည် မဟုတ်ကြောင်းလည်း သိရသည်။
“ဦးပဉ္ဇင်းကတော့ လက်မခံနိုင်ဘူး။ ၂၀၀၇ တုန်းက ကျဆုံးခဲ့တဲ့ အကျဉ်းကျခဲ့တဲ့ နောင်တော်တွေရဲ့ ကြိုး ပမ်းမှုကို စော်ကား သလို ဖြစ်သွားမယ်။ ကျန်တဲ့ သံဃာတော်တွေကိုလည်း စဉ်းစားစေချင်တယ်”ဟု အဆိုပါ သံဃာက မိန့်ဆိုသည်။
နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကလည်း စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များ၏ ခရီးစဉ် အတွင်း ကန့်ကွက် ဆန္ဒပြမှုများ၊ မြန်မာ့ဒီမိုကရေစီရေးအတွက် တောင်းဆိုမှုများကို ဆက်တိုက်လုပ်ဆောင် သွားမည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဇူလိုင် ၂၅ မှ ၂၉ ရက်အထိ အိန္ဒိယသို့သွားရန် စီစဉ်ထားပြီး ၎င်းနှင့်အတူ အ မျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၀န်ကြီးဦးသောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးတင်နိုင်သိန်းတို့အပါ အ ၀င် တခြားသော အဆင့်မြင့်အရာရှိ ကြီးများလည်း ပါဝင်မည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီးသည် ဗုဒ္ဓဂယာ ခရီးစဉ်အပြင် နယူးဒေလီမြို့တွင် အိန္ဒိယသမ္မတ ပရာတီဘာ ပတေးလ်၊ ၀န် ကြီးချုပ် မာမိုဟမ်ဆင်းတို့နှင့်တွေ့ဆုံပြီး ဟိုက်ဒြာဘက်ရှိ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများ၏နည်းပညာ များကို သွားရောက် လေ့လာမည်ဖြစ်ကြောင်းလည်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် အောက်တိုဘာလ အတွင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်စဉ်က ၎င်းနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန၊ သယ်ယူ ပို့ဆောင်ရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီး များပါဝင်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ကူးသန်း ရောင်းဝယ်မှု စာချုပ်များ ချုပ်ဆိုသကဲ့သို့ စွမ်းအင်နှင့်ပတ်သက် ၍ နှစ်နိုင်ငံ နည်းပညာထောက်ပံ့ ကူညီမှုများ ပြုရန်လည်း ဆွေးနွေးခဲ့သည်။
မူရင်း(http://www.irrawaddy.org/bur/index.php/news/1-news/3700-2010-07-24-09-40-24)
1.
2.
3.
0 comments:
Post a Comment