ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Tuesday, May 25, 2010

ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အဖွဲ့ (၃) ဖွဲ့ ပူးပေါင်းတိုက်တွန်း

၂၀၀၈ခုနှစ် စစ်ဖွဲ့စည်းပုံကို အသက်သွင်းမည့် မတရားသည့် ရွေးကောက်ပွဲအား ပြတ်ပြတ်သားသား ဆန့် ကျင် သပိတ်မှောက်ကြရန် ယနေ့မေ (၂၅) ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ကြေညာချက် ထုတ်ပြန်လိုက်သည်။


၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် လူထုကိုယ်စားလှယ်များဘက်မှ အနိုင်ရခဲ့သည်မှာ လာ မည့် ၂၀၁၀ မေ (၂၇) ရက်တွင် အနှစ် (၂၀) ပြည့်တော့မည်ဖြစ်ပြီး စစ်အစိုးရက အနိုင်ရပါတီကို ယနေ့တိုင် အာဏာလွှဲမပေးဘဲ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲကို မကြာမီပြုလုပ်တော့မည် ဖြစ်သည့်အတွက် မတရားသည့် ရွေးကောက်ပွဲကို တိုင်းရင်းသားပြည်သူတရပ်လုံး က ဆန့်ကျင်ကြရန် အထက်ပါအဖွဲ့ (၃) ဖွဲ့က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ခံကိုထွန်းမြင့်အောင်က ၎င်းတို့ ဒီမိုကရေစီရေး လှုပ်ရှားတက် ကြွသူများအနေဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး တိုက်တွန်းရန် တာဝန်ရှိသည်ဟု ဆိုသည်။

၎င်းက “ဒီလိုဆန့်ကျင်ရာမှာ ပြတ်ပြတ်သားသား သပိတ်မှောက်တဲ့နည်းနဲ့ ဆန့်ကျင်ဖို့ကို တိုက်တွန်းချင် တာ ပါ။ ဒါဟာ ပြည်သူလူထုက ကိုယ့်ရဲ့မဲဆန္ဒကို ငြိမ်းချမ်းစွာဖြင့် အသုံးချပြီး မဲသွားမပေးခြင်းဖြင့် ဒီရွေးကောက် ပွဲဟာ တရားမျှတမှု မရှိဘူးဆိုတာကို၊ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ပြည်သူလူထု က မဲဆန္ဒသွားမပေးဘဲနဲ့ ကိုယ့်မဲဆန္ဒကို ထိန်းသိမ်းထားခြင်းဖြင့် ပြဖို့ပါ။ တနည်းအားဖြင့် ဒီမိုကရေစီတန်ဖိုး ကို ကာကွယ်တာပါပဲ” ဟု ပြောသည်။

ရွေးကောက်ပွဲကို ဆန့်ကျင်ရသည့်အကြောင်းမှာ နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းခြင်းဖြစ်ပြီး အဆိုပါဖွဲ့စည်းပုံမှာ လူထုကို ကိုယ်စားမပြုသည့်အပြင် လူထုအကျိုးစီးပွား အတွက်လည်း မည်သည့်အာမခံချက်မှ မပေးနိုင်သည့် ထာဝရ စစ်အုပ်ချုပ်ရေး တည်မြဲရန်အတွက်ကြောင့်ဖြစ်ကြောင်း ကိုထွန်းမြင့်အောင်က ပြောသည်။

“ထာဝရ စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေမယ့် ဖွဲ့စည်းပုံကို အသက်သွင်းမှာ ဖြစ်တာကြောင့် ဒီလိုပွဲမျိုးကို ကျနော်တို့ ပြည်သူက ပါဝင်ပတ်သက်ခြင်းမရှိဘဲနဲ့ သပိတ်မှောက်ဆန့်ကျင်တဲ့နည်းဟာ အမျိုးသားရေးတာ ၀န်တရပ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လူထုကို ဖိနှိပ်မည့်ဖွဲ့စည်းပုံအား လူထုကို ဖိနှိပ်သည့်အစိုးရမှ ကမကထပြုကာ ကျင်းပမည့်ပွဲတွင် လူထုက အဖြည့်ခံအနေဖြင့် သမိုင်းတာဝန်ခံအနေနှင့် ပါဝင်မပတ်သက်ရန် လူထုကို အသိပေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“ဒါကြောင့် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း လူထုကို အသိပေးပြီးတော့ လူထုနဲ့အတူ ကျနော်တို့ရပ် တည်ပြီးတော့ သပိတ်မှောက်ခြင်းလုပ်ငန်းကို ပြည်သူကို တိုက်တွန်းနှိုးဆော်ရတာပါ” ဟု ကိုထွန်းမြင့်အောင် က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ပြောခွင့်ရသူ ဦးသြဘာသကလည်း ယခု စစ်အစိုးရပြု လုပ်မည့် ရွေးကောက်ပွဲမှာ မကြေညာသေးသော်လည်း ဆက်လက်လုပ်ဆောင်တော့မည်မှာ သေချာသည့် အတွက် ကြိုတင်သပိတ်မှောက်ကြရန် နှိုးဆော်ခြင်းဖြစ်သည်ဟု မိန့်ဆိုသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ မကြည်သာတင့်ကလည်း “ကျ မတို့တိုင်းပြည်မှာ အမျိုးဘာသာသာသနာကို စော်ကားတဲ့ စစ်အုပ်ချုပ်ရေးစနစ် တရားဝင်ရပ်တည်လို့ မရ အောင် ကျမတို့ တိုင်းရင်းသားပြည်သူတရပ်လုံးက အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ၂၀၁၀ ရွေးကောက် ပွဲကို သပိတ်မှောက်ဆန္ဒပြဖို့အတွက် တောင်းဆိုတာဖြစ်ပါတယ်” ဟု ကြေညာချက် ထုတ်ပြန်ရခြင်းနှင့်ပတ် သက်၍ ပြောကြားသည်။ 

မူရင်း(http://www.khitpyaing.org/index.php?route=detail&id=1443)


Bookmark and Share 1. 2. 3.

0 comments: