ကဗျာဆရာ စောဝေ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးကြီးဟု ဝေဖန်ရေးသားမှုကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ကဗျာဆရာစောဝေ ယနေ့ ပြန်လွတ်လာပြီ ဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောသည်။
ကဗျာဆရာ စောဝေသည် “အာဏာ ရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့် ကဗျာကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်၌ ရေးသားခဲ့သောကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပြီး စုစုပေါင်း ၂၈ လခန့်နေခဲ့ရသည်။
အစိုးရ အာဏာပိုင်များက ကဗျာဆရာ စောဝေကို အများပြည်သူ၏ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေမှု ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကဗျာ ဆရာစောဝေ၏ ဇနီးဖြစ်သူ မနန်းစန်းစန်းအေးက “ပြန်ထွက်လာပြီ၊ ထွက်လာပြီးဆိုပေမယ့် အိမ်ကို တော့ မရောက်သေးဘူး၊ သူကျမကို ပြန်ထွက်လာပြီ ဆိုတဲ့အကြောင်း ရမည်းသင်းကနေ လှမ်းဖုန်းဆက် တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကဗျာဆရာ စောဝေသည် မျက်စိတိမ်စွဲနေသဖြင့် ထောင်မှလွတ်လာသည့် အခါ ပထမဦးစွာ မျက်စိ အထူး ကု ဆရာဝန်ထံတွင် ကုသမှု ခံယူရန် စီစဉ်ထားကြောင်းလည်း ၎င်းကဆိုသည်။
ကိုစောဝေသည် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီးအသင်း၏ စာပေဆုပေးပွဲ များ နှစ်စဉ်ကျင်းပရေး အတွက် စီစဉ်ခဲ့သူလည်း ဖြစ်သည်။
၎င်းသည် HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ကလေးများ ရန်ပုံငွေအတွက် ကဗျာရွတ်ဆိုပွဲများကို ရန်ကုန်၊ မန္တလေးမြို့များတွင် တားဆီး ပိတ်ပင်မှုများကြားမှ စီစဉ်ခဲ့သူ တဦးလည်း ဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သည့် Human Rights Watch က ကဗျာဆရာ စောဝေကို Hellman/Hammett ဆု ချီးမြှင့်ခဲ့သည်။
ဖိနှိပ် ချုပ်ချယ်မှုများကြားမှ မိမိ၏အမြင်ကို ရဲရင့်စွာဖော်ထုတ် ရေးသားသောကြောင့် ဆုပေးခြင်းဖြစ်သည် ဟု ထိုအဖွဲ့ကဆိုသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် အကျဉ်းချခံထားရသူများထဲတွင် လူရွှင်တော် ဇာဂနာ၊ ဘလော့ ဂါ နေဘုန်းလတ်တို့ သည်လည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည်။
မြန်မာနိုင်ငံသည် သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နေရာ၌ ဖိနှိပ်ချုပ်ချယ်မှု အဆိုးရွားဆုံး ၅ နိုင် ငံစာရင်းထဲတွင် ပါဝင်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေး ရေးအဖွဲ့(CPJ) က လွန်ခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်း၌ ထုတ်ပြန်ခဲ့သည်။
“စာနယ်ဇင်း လုပ်ငန်းဟာ မြန်မာပြည်မှာ အလွန် အန္တရာယ်ရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ စာပေစိစစ်မှု အတင်းကျပ်ဆုံး နိုင်ငံတခုဖြစ်ပါတယ်” ဟုလည်း CPJ ၏ အစီရင်ခံစာတွင် ထောက်ပြ ထားသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) အဆိုအရ မြန်မာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂ ထောင်ကျော်ရှိသည့် အနက် ကဗျာဆရာ၊ စာရေးဆရာများနှင့် သတင်းထောက် ၃၀ ခန့် ပါဝင်ကြောင်း သိရသည်။
0 comments:
Post a Comment